မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှု့ ဖြစ်စဉ်မှာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ချဉ်းကပ်ပုံတွေက ကွဲလွဲလာတာကို သတိထားမိတယ်.. အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ စတင်ဖိတ်ခေါ်ကတည်းကနေ နောက်ဆုံးယခုအချိန်ထိ အစိုးရနဲ့ အဖွဲ့အစည်းအသီးသီး ဆွေးနွေးညှိနှိုင်းမှု့ တွေ အကြိမ်ကြိမ်လုပ်ခဲ့ကြရတယ်..
အခက်အခဲအမျိုးမျိုးကြားမှာ အနှောက်အယှက်တွေ ဘယ်လောက်တွေ့ကြုံခဲ့ရသလဲဆိုတာ ကိုယ်တိုင်ပါဝင်ကြသူတွေသာ အသိဆုံးဖြစ်မှာပါ.. ဒီကြားထဲ ပြည်ပက ထောက်လှမ်းရေး သမားတွေ ခြေချင်းလိမ်ခဲ့ကြတာလဲ တစ်ခုအပါအဝင်ပါပဲ.. အဆိုးဆုံးက နိုင်ငံရေးသြဇာကို အသုံးချပြီး ချယ်လှယ်ချင်လာတာတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်..
NCA စာချုပ်ကို ရာနှုံးပြည့်နီးပါး အချောသတ်ရေးဆွဲပြီးချိန်ထိ အတူပါဝင်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အချို့ လက်မှတ်ရေးထိုးချိန်မှ ကျန်နေခဲ့ကြတာကလဲ ဒီပယောဂတွေကြောင့်လို့ ပြောနိုင်ပါတယ်.. ဒီနေရာမှာ အမေရိကန်ရဲ့ ရှု့မြင်သုံးသပ်ပုံတွေက အပြုသဘောဆန်လာပါတယ်..
၁၅.၁၀.၂၀၁၅ နေပြည်တော်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်တရားဝင် ရေးထိုးကြတဲ့ အခမ်းအနားအပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်သံရုံးက Urgent Statement ထုတ်ပြန်ခဲ့တယ်.. ကမ္ဘာ့မီဒီယာ အသီးသီးမှာ သတင်းများပါဝင်လာပြီးနောက် ဘန်ကီးမွန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင် အတော်များများက အပြုသဘော ကြိုဆိုခဲ့ကြတယ်..
အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဒုအရာရှိ Ben Rhodes ရဲ့ ခရီးစဉ်ကိုလဲ ရက်အနည်းငယ်သာခြားပြီး စီစဉ်ထားလို့ မြန်မာ့အပြောင်းအလဲပုံရိပ်များမှာ ပါဝင်ပတ်သက်လိုတဲ့ သဘောကိုတွေ့ရမှာပါ.. သံအမတ်ကြီး ဒဲရစ်မစ်ချယ်အနေနဲ့ မြန်မာ့လူမှု့ အဖွဲ့အစည်းများကို ပိုမိုဆက်ဆံလာတာကို တွေ့ရပါတယ်..
ဗြိတိန်အနေနဲ့ကတော့ အမေရိကန်နဲ့ ပြောင်းပြန်အနေအထား ဖြစ်နေပါတယ်.. မကြာခင်က Joseph Guy Fisher ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Silas Patrick ကိုယ်တိုင် ဂျာနယ်ထက်ကနေ ဖြေရှင်းပြီးနောက်ပိုင်း တိတ်ဆိတ်နေပါတယ်.. တာဝန်ကနေ တရားဝင် မနှုတ်ထွက်သေးပဲ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းထဲ ထဲထဲဝင်ဝင် ပါဝင်လာလို့ ခြေလှမ်းကျွံသွားတဲ့ သဘောပါပဲ..
ဘယ်လိုပဲ ဝေဖန်မှု့ တွေ ကြုံရပါစေ ရေရှည်တည်တံ့မဲ့ မြန်မာ့ငြိမ်းချမ်းရေးကိုတော့ ဆက်လက်ဖော်ဆောင်သွားရမှာပါ.. Open Book လုပ်ထားတဲ့အတွက် ကျန်လက်နက်ကိုင်အဖွဲ့အစည်းများလဲ အခွင့်အရေး ရှိနေပါတယ်.. သံသယတွေ အမြန်ဆုံးဖြေဖျောက်ကြပြီး ပူးပေါင်းဆောင်ရွက်လာမယ်လို့ မျှော်လင့်ပါတယ်.. နိုင်ငံရေးအဖြေရှာကြရာမှာလဲ သွေးချင်းညီနောင် စိတ်ထားများနဲ့ ဆွေးနွေးနိုင်ကြပါစေ ဆုတောင်းပါတယ်.. ထို့အတူ ခြေထိုးနှောက်ယှက်လာမဲ့ အဖျက်ရန်စွယ်များကိုလဲ မပြတ်သော သတိများနဲ့ နှစ်ဖက်အသင့်ရှိနေဖို့လဲ လိုပါတယ်..
အမိမြန်မာပြည်ကြီး ငြိမ်းချမ်းသာယာပါစေ...။
မင်းနေမျိုး ( ၁၅.၁၀.၂၀၁၅ )
Photo Credit : U Ohn Myint
( အမှတ်တရ ဓာတ်ပုံရိုက်အပြီး သမ္မတအပါးကို ဝိုင်းပြုံနှုတ်ဆက်လာတဲ့ သူတို့အကြည့်တွေဟာ ပြောင်းလဲသွားတာကို တွေ့ရတယ်.. ဖထီးကတော့ သတိနဲ့ကြည့်နေတယ်.. အမှတ်တမဲ့ပုံပေမဲ့ အဓိပ္ပါယ်အများကြီးပါနေတယ်.. )
Min Nay Myo
No comments:
Post a Comment