Friday, October 16, 2015

မဟာဂန္ဓာရုံကျောင်းအမည်သုံး၍ NLD ကိုမဲပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့သောစာချ ဆရာတော်ကိုကျောင်းတိုက်မှ နှင်ထုတ်

မဟာဂန္ဓာရုံကျောင်းအမည်သုံး၍ NLD ကိုမဲပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့သောစာချ ဆရာတော်ကိုကျောင်းတိုက်မှ နှင်ထုတ်

အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရွှေဆင်တိုင်းစာချကျောင်းမှ စာချဆရာတော် ဦးသူရိယသည် မဘသ၏ ပါတီနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း၊ NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်ကြရန် တိုက်တွန်းကြောင်း မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ အမည်ကိုသုံး၍ ကြေညာချက်ထုတ်ပြန်ခဲ့သည့်အတွက်  မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်က ဦးသူရိယအား ခေါ်ယူဆုံးမခဲ့ရာ နာခံခြင်းမရှိသဖြင့် ကျောင်းတိုက်မှ နှင်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးသူရိယ၏ ထုတ်ပြန်ချက်မှာ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ထုတ်ပြန်ချက်ဟု ထင်ယောင်ထင်မှားဖြစ်စေသည့်အပြင် မဘကိုရှုတ်ချပြီး NLD ကိုထောက်ခံထားသဖြင့် သံဃာဂိုဏ်းခွဲသည့် သဘောသက်ရောက်နေသည့်အတွက် နာယက ဆရာတော်ဘုရားကြီးက ခေါ်ယူဆုံးမခဲ့ပြီးဖြေရှင်းချက်ပေးရန် လမ်းညွှန်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ကျောင်းတိုက်မှနှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စာချဆရာတော်တစ်ပါးကမိန့်ကြားခဲ့သည်။

“ဦးသူရိယက မဘသကိုရှုတ်ချပြီး NLD ကိုထောက်ခံကြဖို့ လှုံ့ဆော်တယ်။ သံဃာအများစုကမဘသအဖွဲ့ဝင်တွေပါ။ မဘသက ကြံ့ခိုင်ရေး၊ NLD စသည်ဖြင့် ပါတီစွဲမရှိပါဘူး။ အမျိုး၊ဘာသာ၊ သာသနာကိုစောင့်ရှောက်တဲ့သူကို ထောက်ခံ မယ်။ ကိုယ့် အမျိုးဘာသာသာသနာကိုမှ မစောင့်ရှောက်မယ့်သူကိုတော့ဖြင့် ဘယ်လိုထောက်ခံနိုင်မတုန်း။ အဲဒါကို ဦးသူရိယက မဘသကို ပါတီနိုင်ငံရေးမှာဝင်စွက်တယ်လို့ ရှုတ်ချပြီး NLD ကိုထောက်ခံဖို့ မဟာဂန္ဓာရုံကျောင်းတိုက် ကပဲ ကြေညာချက်ထုတ်သလိုလို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တော့ သံဃာဂိုဏ်းခွဲသလို ဖြစ်တယ်။ နာယက ဆရာတော်ကြီးက ခေါ်ပြီးပြင်းပြင်းထန်ထန် သတိပေးတယ်။ စာနဲ့ပေနဲ့ ဖြေရှင်းဖို့ပြောတယ်။ ဦးသူရိယက ပြန်မရှင်းဘူး။ အဲဒါကြောင့် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ပါတီနိုင်ငံရေးနဲ့ကင်းရှင်းတဲ့ အစဉ်အလာ၊ ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်ဖို့ ဦးသူရိယကိုကျောင်းတိုက်မှာဆက်မထားတော့ပါ”ဟု ယင်းဆရာတော်က မိန့်ကြားခဲ့သည်။

ဦးသူရိယသည် တစ်ဦးတည်းသဘောဆန္ဒကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း မဟာဂန္ဓာရုံကျောင်းတိုက်တစ်ခုလုံးကို ကိုယ်စားပြုသယောင်ယောင်၊ မဟာဂန္ဓာရုံကျောင်းတိုက်၏ နာမည်ကိုသုံး၍ နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အပေါ် ဖြေရှင်းချက် မပြုသဖြင့် ယခုကဲ့သို့ ကျောင်းတိုက်မှ နှင်ထုတ်ရခြင်း ဖြစ်ကြောင်း၊ ဦးသူရိယသည် ကျောင်းတိုက်မှ သုံးရက်အတွင်းထွက်ခွါပေးရမည် ဖြစ်ကြောင်းသိရှိရသည်။

No comments: