Friday, October 16, 2015

Joseph Guy Fisher နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ရှင်းပြပေးပါ

Joseph Guy Fisher နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ရှင်းပြပေးပါ
--------------------------------------------------------------------------
လွန်ခဲ့တဲ့ တစ်လခွဲခန့်အကြာ လူမှုကွန်ယက်ပေါ်က ရေးသားမှုများကြောင့် NLD နဲ့ ဗြိတိန်သံရုံးအပေါ် သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Silas Patrick ကိုယ်တိုင်ကပင် စက်တင်ဘာလ ဒုတိယအပတ်ထုတ် မြန်မာတိုင်မ်းဂျာနယ်ကတစ်ဆင့် ဖြေရှင်းခဲ့ရပါတယ်။ Joseph Guy Fisher ကို လစာမဲ့ခွင့်ပေးထားပြီး လက်ရှိလုပ်ဆောင်မှုများအတွက် ဗြိတိသျှအစိုးရက လစာ ပေးမထားဘူးလို့ Andrew Silas Patrick က ဆိုပါတယ်။ Spy တစ်ယောက် မဟုတ်ဘူးလို့တော့ ငြင်းဆို သွားခြင်းမရှိခဲ့ပါဘူး။

Joseph Guy Fisher ဟာ ဗြိတိသျှ သံရုံးက ဒုတိယအတွင်းဝန်တစ်ယောက်ဖြစ်ပြီး ၂၀၁၁ ကနေ ၂၀၁၄ အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ နိုင်ငံရေးနှင့် စာနယ်ဇင်းအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါ တယ်။ နိုင်ငံကြီးတွေရဲ့ သံရုံးတွေမှာ နိုင်ငံရေးအရာရှိဟာ ဘယ်လိုလူတွေဆိုတာ သံတမန်လောက က လူတိုင်း သိကြပါတယ်။ သံရုံးတွေရဲ့ နိုင်ငံရေးအရာရှိဆိုတာဟာ တကယ်တမ်းမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေတွေကို ထောက်လှမ်းရတဲ့ သံတမန်အရေခွံဝတ်ထားတဲ့ တရားဝင် စပိုင်တွေပဲ ဖြစ်ပါ တယ်။ နိုင်ငံရေးအရာရှိတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးကို ရနိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ထောက်လှမ်းကြပြီး ဘောင်ကျော်သွားရင် (သို့) သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့ အထိ ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံတွေက နှင်ထုတ်ကြပြီး သံတမန်ရေး တင်းမာမှုတွေ ဖြစ်တတ်ကြပါ တယ်။ တချို့က သူ့ကို ဗြိတိသျှ ထောက်လှမ်းရေး MI-5 က ဆိုပြီး ပြောနေကြပါတယ်။

Joseph Guy Fisher အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဒီလိုမျိုး စိတ်ထင်တိုင်းကြဲလာတာကို နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက သတိပြုလာကြပါတယ်။ ဒါကြောင့် ၁၇.၉.၂၀၁၅ ရက်နေ့မှာ Joseph Guy Fisher ဟာ မြန်မာပြည်ကနေ ခေတ္တပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာပဲ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဒေါ်စုကြည်အနားကို ပြန်လည်ရောက်ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဘယ်လို ခြေထိုး ခလောက်ဆန်ဦးမလဲဆိုတာကိုတော့ သတိထား စောင့်ကြည့်ရပါဦးမယ်။

Joseph Guy Fisher ဟာ ဒေါ်စုကြည်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီမှာ အကြံပေးအဖြစ်နဲ့ တာဝန်ယူထားတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ တရားရေးနဲ့ ပတ်သက်လို့ ပညာရှင်မရှိတော့လို့လားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေသလို ပညာရှင်တွေကိုလည်း စော်ကားရာရောက်တယ်လို့ ထင်ပါတယ်။ လွှတ်တော်ကို တရားဝင် ဝင်ထွက်ခွင့်ရရှိနေတာဟာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသား ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်လိုနေရာမျိုးမှာ နိုင်ငံခြားသားတစ်ဦးက စွက်ဖက်နေခြင်းမှာ ရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။

ဗြိတိသျှအစိုးရဟာ သူရဲ့ ထောက်လှမ်းရေး စပိုင်တစ်ယောက်နဲ့ NLD ကို ကြိုးကိုင်ခိုင်းထားတာဟာ နိုင်ငံ အတွက် ကြီးမားတဲ့ အန္တရာယ်ကြီး တစ်ခုအဖြစ် ပြောနေတာတွေလည်း တွေ့နေရပါတယ်။ ဒီအကြောင်း တွေကို အခုမှပြောနေတဲ့အတွက် မိုးလွန်မှထွန်ချသလိုတော့ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗြိတိန်သံရုံးနဲ့ ဒေါ်စုကြည်တို့အနေနဲ့ Joseph Guy Fisher နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ပြည်သူကို အသိပေးဖို့ လိုအပ်ကြောင်း သတိပေးလိုက်ရပါတယ်။

#Creditသူရိယ

No comments: