ရပ်ကွက်အလိုက် အရပ်သားရဲများ ခန့်အပ်မည်
ရန်ကုန်၊ အောက်တိုဘာ ၁၃
မှုခင်းဖြစ်စဉ်များ ကျဆင်းစေရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များကို အချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ရန် လိုအပ်နေသည့် ရဲတပ်ဖွဲ့ဝင်အင်အားအတွက် လာမည့် ဘဏ္ဍာနှစ်တွင် ပြည်သူ့ဆန္ဒကောက်ခံပြီး ရပ်ကွက်အလိုက် အရပ်သားရဲများ ခန့်အပ်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းမှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။
“အိမ်နီးချင်းနိုင်ငံတွေမှာ ရပ်ကွက်အလိုက် အရပ်သားရဲတွေ ခန့်အပ်ထားပြီး လုံခြုံရေးတာဝန်ကို အချိန်ပြည့် ဆောင်ရွက်ခိုင်းထားတာကြောင့် မှုခင်းဖြစ်ပွားမှုတွေကို ကြိုတင်ကာကွယ်နိုင်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို အချိန်မီ ဖမ်းဆီးနိုင်တာမျိုးတွေ ရှိတယ်၊ လမ်းတိုင်းမှာ အရပ်သားရဲ တစ်ယောက်စီ ထားရှိမယ်ဆို ရပ်ကွက်နေ ပြည်သူတွေမှာ လုံခြုံမှု ပိုရှိနိုင်တာကြောင့် လာမယ့်နှစ် မြန်မာနိုင်ငံမှာလည်း အရပ်သားရဲ ခန့်အပ်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ရှစ်သောင်းနီးပါးသာ ရှိသောကြောင့် တပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူ ၁၃၀၀ ဦးရေ၏ လုံခြုံရေး တာဝန်ကို ဆောင်ရွက်နေရပြီး ရဲလုပ်ငန်းအပြင် အခြားလုပ်ငန်းတာဝန်များပါ ထမ်းဆောင် နေရသောကြောင့် အချို့နေရာများတွင် တာဝန်ပိုင်းဆိုင်ရာ လစ်ဟင်းမှုများ ရှိနေကြောင်း၊ ယင်းအပြင် မှုခင်း ဖြစ်စဉ်များကို ကြိုတင်ဆောင်ရွက်နိုင်မှုပိုင်း လျော့နည်းကျဆင်းနေမှုကြောင့် ရပ်ကွက်အလိုက် အရပ်သားရဲများ ခန့်အပ်ကာ လုံခြုံရေးတာဝန်များကို ပိုမိုဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“အရပ်သားရဲ ခန့်အပ်မယ့်သူကို ရဲသင်တန်း ခြောက်လတက်ခိုင်းပြီး ဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်နဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သင်ကြားပို့ချပေးမယ်၊ ရဲတပ်ဖွဲ့နဲ့ မတူညီတဲ့ အရပ်သားရဲ ယူနီ ဖောင်းကို ထုတ်ပေးမယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ငွေအပေါ် မူတည်ပြီး ခန့်အပ်မယ့် လူဦးရေနဲ့ အခြေခံလစာကို ထုတ်ပြန်ကြေညာပေးမယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အရပ်သားရဲ ရွေးချယ်ခန့်အပ်ခံရသူမှာ မိမိတာဝန်ထမ်းဆောင်ရမည့် ရပ်ကွက်အတွင်း လုံခြုံရေး တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းအပြင် ရပ်ကျိုးရွာကျိုး လုပ်ငန်းစဉ်များပါ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အရပ်သားရဲ၏ ခန့်အပ်မည့် အစီအစဉ်ကို ဆန္ဒမဲ ကောက် ယူကာ အများဆန္ဒနှင့်အညီ ရွေးချယ်ဆုံးဖြတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရ သည်။
“အရပ်သားရဲ ခန့်အပ်မှုထက် ပါမစ်နစ် ရဲတပ်ဖွဲ့ဝင်အင်အားကို ပိုမိုတိုးချဲ့စေချင်တယ်၊ ဥပဒေ လိုက်စားသူ အဂတိတရား ကင်းရှင်းသူတွေကို သေချာစီစစ်ရွေးချယ်ပြီး ပြည်သူယုံကြည်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ရဲတပ်ဖွဲ့ဖြစ် လာအောင် တည်ဆောက်သွားမယ်ဆို တပ်ဖွဲ့ဝင်အင်အား လိုအပ်နေတဲ့ ရဲတပ်ဖွဲ့ထဲ ဝင်ရောက် တာဝန် ထမ်း ဆောင်လာမယ့်သူတွေ အများကြီးပါ၊ ပြည်သူကို လုံခြုံရေးပေးမယ့် ရဲအင်အား အချိုး ညီမျှလာဖို့ အရပ်သားရဲ ခန့်အပ်မှာထက် နယ်မြေကျွမ်းကျင်တဲ့ Permanent ရဲတပ်ဖွဲ့ဝင်တွေကို အမြဲခန့်အပ်ထားစေချင်တယ် ” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
ရပ်ကွက်အလိုက် အရပ်သားရဲများ ခန့်အပ်ထားမည်ဆိုပါက မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကား အနိုင်ကျင့် သူများနှင့် လောင်းကစားမှုများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများကို အချိန်ပြည့် စောင့်ကြည့်ကာ မှုခင်း ကျဆင်းရေး ကြိုတင်ကာကွယ်မှုများကို ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ ရပ်ကွက်အုပ်ချုပ်ရေးအများစုက တညီတညွတ်တည်း ပြောကြားသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment