လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်နှင့် သမ္မတအား ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုလုပ်သူများကို အီလက်ထရွန်နစ် ဥပဒေ ပုဒ်မများဖြင့် ပြင်းထန်သော အရေးယူမှုများ လုပ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး နယ်ပယ်မှ ထင်ရှားသူများကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်သူများအား အရေးမယူသည့်အပေါ် ဝေဖန်မှုများ မြင့်တက်နေ
မချောစန္ဒီထွန်းကို အမှုဖွင့်ခဲ့သည့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) သည် “အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက် နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်း အချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်လက်ကို ဖြန့်ချိခြင်း” ကို အရေးယူရန် ဖွင့်ဆိုထားခြင်း ဖြစ်သည်။
အဆိုပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်သည်ဟု ပြစ်မှုထင်ရှား စီရင်ခံရပါက ထိုသူကို ထောင်ဒဏ် ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု မူလက ပြဋ္ဌာန်းထားသော်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ပြစ်ဒဏ် သတ်မှတ်ချက် ပြင်ဆင်မှု ပြုလုပ်ခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် အရေးယူခံရပြီး ကျူးလွန်သည်ဟု ပြစ်မှုထင်ရှား စီရင်ခံရသူသည် ငွေဒဏ် ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်နိုင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ခံရမည် ဖြစ်ပါသည်။
မချောစန္ဒီထွန်း၏ ဖြစ်စဉ် မပေါ်ပေါက်မီ အောက်တိုဘာ ၆ ရက်ကလည်း ဇော်မျိုးညွန့် အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးကို မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသည်။
အဆိုပါ Facebook သုံးစွဲသူသည် ၎င်း၏ Facebook စာမျက်နှာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းနေပုံအား တင်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ပါသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) သည် “ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” လုပ်သူတို့ကို အရေးယူရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။
အဆိုပါ ပုဒ်မဖြင့် ဖမ်းဆီးခံရပြီး ပြစ်မှုထင်ရှား စီရင်ခံရပါက ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားပြီး အာမခံ မရနိုင်သည့် ပုဒ်မ ဖြစ်ပါသည်။
“ Electronic ဥပဒေနဲ့ အရေးယူမယ် ဆိုရင် NLD က ခေါင်းဆောင်တွေနဲ့ ပါတီကို သက္ခာချ အပုပ်ချ ရေးတင်တဲ့ Facebook တွေ အများကြီးပဲလေ။ဒါတွေကိုကျတော့ အရေးမယူဘဲ ဘက်လိုက်ပြီး အရေးယူတာမျိုး မဖြစ်သင့်ပါဘူး။ ဥပဒေဟာ ဘက်လိုက်မှု မရှိသင့်ဘူး။ ဟိုဘက်၊ ဒီဘက် မျှတသင့်ပါတယ်။ ဒီစနစ်တွေ ရှိနေသမျှ ပြောင်းလဲချိန် မရောက်မချင်း ဖြစ်နေမှာပဲ။ ဒါဟာ ရွေးကောက်ပွဲကာလမှ မဟုတ်ပါဘူး ။အမြဲတမ်း မှန်ကန် ဖြောင့်မတ် နေရမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ဥပဒေ ပေါ်ထွန်းဖို့ မှန်ကန် မျှတတဲ့ တရားစီရင်ရေး အုပ်ချုပ်ရေးအတွက် ပြောင်းလဲချိန်တန်ပြီလို့ ဒါကြောင့် ပြောနေတာပေါ့”ဟု ပန်းချီ ဦးမျိုးမြင့်က ပြောကြား သည်။
အခြားတစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ဝေဖန် အပုပ်ချ တိုက်ခိုက်မှုများအတွက် နစ်နာသူက တိုင်တန်းမှသာ အရေးယူမည်ဆိုသော ပြောဆိုမှုများ ရှိသော်လည်း အီလက်ထရောနစ် ဥပဒေကဲ့သို့သော ရဲအရေးပိုင်သည့် ပြစ်မှုများနှင့် ပတ်သက်၍မူ နစ်နာသူက တိုင်တန်းမှု မရှိပါကလည်း ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်နိုင်သည့် အခြေအနေရှိကြောင်း ဥပဒေသမားများက ပြောကြားပါသည်။
No comments:
Post a Comment