Thursday, October 15, 2015

နိုင်ငံရေးလုပ်ချင်ရင် ဘောလုံးပွဲကြည့် ” နိုင်ငံရေးလုပ်ချင်ရင် ဘောလုံးပွဲကြည့် ”

“ နိုင်ငံရေးလုပ်ချင်ရင် ဘောလုံးပွဲကြည့် ”

(တစ်)

ရွေးကောက်ပွဲနီးလာလို့ ထင်ပါရဲ့။ ကြားရတဲ့သတင်းတွေကတာ့အလှုပ်တွေ
ချည်းပါပဲ။

ပါတီတစ်ခုက ထောင်ထားတဲ့ ဆိုင်းဘုတ်ရဲ့ အရှေ့ကနေ နောက်ပါတီတစ်ခုက
သူတို့ရဲ့ဆိုင်းဘုတ်ကိုကာပြီး လာထောင်
လိုက်ပါသတဲ့။ တစ်နေရာမှာ ပါတီတစ်ခုက စိုက်ထူထားတဲ့ လှုံ့ဆော်ရေးပိုစတာကို ဆုတ်ဖြဲသွားခဲ့ကြပါလေသတဲ့။
နောက်တစ်နေရာကကျတော့ ပိုစတာမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
ဓာတ်ပုံတွေကို မှုတ်ဆေးတွေနဲ့ လိုက်ပြီး
ဖျန်းထားကြတယ်ဆိုလား။

ပါတီတစ်ခုကမဲဆွယ်စည်းရုံးရေးဆင်းနေ
တုန်းမှာ လေးခွနဲ့ပစ်တာ၊ ဓားကိုင်ပြီး
ရမ်းကားတာ၊ပုဆိုးကို ချွတ်ချပြတာ၊
ပျားအုံကိုခဲနဲ့ပစ်တာ၊ အသံချဲ့စက်တွေ
ဆူညံအောင်ဖွင့်ပြီး စကားပြောမရအောင်
လုပ်တာ၊ မဟုတ်မတရား အပုပ်ချတဲ့ စာသားတွေပါတဲ့ လက်ကမ်းစာရွက်တွေ
ရိုက်နှိပ်ဖြန့်ဝေတာ၊ လမ်းကိုပိတ်ဆို့တာ
ဆိုတာ မျိုးတွေက နေ့စဉ်နဲ့အမျှဆိုသလို ကြားကြားလာရတဲ့အခါ တို့ မြန်မာတွေ
နိုင်ငံရေးယဉ်ကျေးမှုမှ ရှိပါလေစလို့
သံသယတွေဝင်လာခဲ့မိတာအမှန်ပါ။

(နှစ်)

လူတွေဟာ နိုင်ချင်ကြပါတယ်။ လူကောင်းတွေကကျတော့ နိုင်သင့်
နိုင်ထိုက်တဲ့နေရာမှာမှ နိုင်ချင်ကြပါတယ်။
ဘယ်လိုပဲနိုင်ရနိုင်ရ နိုင်ရင်ပြီးရော ဆိုတာက
တိရစ္ဆာန်တွေရဲ့သင်ရိုးညွှန်းတမ်းပါ။

‘‘ငါရှုံးပါစေ

တရားကနိုင်ပါစေ’’တဲ့။

အဲဒါ ကဗျာဆရာအောင်ချိမ့်ရဲ့ ကဗျာစာသား
တစ်ပိုင်းတစ်စပေါ့။ ကဗျာစိတ်နဲ့
လှသူတိုင်းဟာ ငါတို့တရားနဲ့ယှဉ်ရင် တရားကိုပဲ အနိုင်ပေးမယ့်သူတွေချည်းပါ။ တရားကရှုံးပြီးမှ ကိုယ်ကနိုင်ရတာမျိုး ကို
ခံတွင်းမတွေ့ဘူး၊မမြိန်ဘူး။

ဘယ်လိုနည်းနဲ့ နိုင်ရနိုင်ရ ဆိုတဲ့လူတွေကို ဘောလုံးပွဲကြည့်စေချင်လိုက်တာ။

(သုံး)

ဘောလုံးပွဲထဲမှာ ကြိုက်တာတွေက အများကြီးပဲ။

ဘောလုံးကွင်းထဲမှာ ကစားသမား
တစ်ယောက်ဒဏ်ရာ အနာတရနဲ့
လိမ့်ပြန်သွားတဲ့အခါ ပွဲရှိန် ဘယ်လောက်ပဲ
တက်နေ တက်နေ၊ ကိုယ့်ဘက်က
ဘယ်လောက်ပဲ အသာစီးရနေရနေ
ဆက်မကန်တော့ဘဲနဲ့ ဘောလုံးကို ကွင်းအပြင် ကန်ထုတ်ပစ်လိုက်တာမျိုး ကို
တွေ့ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။

သိပ်လှတဲ့စိတ်။ သိပ်မြင့်မြတ်တဲ့စိတ်။

ကိုယ့်ပြိုင်ဘက် မချိမဆံ့ဖြစ်နေတုန်းမှာ
အသာစီးမရယူလိုဘူးဆိုတဲ့ သဘောထား။
အဲဒါကို ကျွန်တော်တော့ကြိုက်တယ်။

ကမ္ဘာကျော်တွေကန်တဲ့ ဘောလုံးပွဲတစ်ပွဲမှာ ရှေ့တန်းတိုက်စစ်မှူးက တစ်ဖက်အသင်း
ရဲ့ နောက်တန်းကို ထိုးဖောက်ကာ
ဘောလံုးကို ဆွဲပြီးဂိုးသွင်းဖို့ ပြေးပါတယ်။ တစ်ဖက်နောက်တန်းလူကလည်း
လိုက်ဖျက်ပါတယ်။ အဲသည်မှာ မတော်တဆ
ဖြစ်ပြီး တိုက်စစ်မှူးလဲပါတယ်။ ဖြစ်တာက ဂိုးဧရိယာထဲမှာပါ။ ဒိုင်ကပင်နယ်တီ(penalty) ပေးပါတယ်။

ဂိုးပြီပေါ့။ ဒါက အားလုံးရဲ့ အတွေးပါ။ ဂိုးသမားက ဖမ်းဖို့ အသင့်အနေအထား။
တိုက်စစ်မှူးကလည်း ကိုယ်တိုင်ကန်ဖို့ ဘောလုံးကိုတည်ထားပြီးသား။
ဒိုင်လူကြီးဆီက ကန်သွင်းဖို့ ခရာမှုတ်သံ
ကြားလိုက်ရတာနဲ့ တိုက်စစ်မှူးက ဂိုးပေါက်နဲ့တလွဲ ဝေးရာဆီကို ကန်ထုတ်
လိုက်ခဲ့တဲ့အခါ လူအားလုံး ဟာခနဲ
ဖြစ်သွားကြရပါတယ်။

တိုက်စစ်မှူးက သူလဲတာ အသိဆုံးပါပဲ။
တစ်ဖက်နောက်ခံလူ က ဘာတစ်ခုမှ
မလုပ်ဘူးတဲ့။ ပြေးရင်းလွှားရင်း မတော်တဆ လဲကျသွားတာတဲ့။ ပင်နယ်တီ (penalty) နဲ့
ထိုက်တန်ဘူးတဲ့။ အဲသည့် ဂိုးမျိုး
သူမလိုချင်ဘူးတဲ့။ သင့်မြတ်မျှတတဲ့ဂိုးမျိုးရအောင် ဆက်ကစား
မယ်တဲ့။ လှပစိတ်၊ မြင့်မြတ်၊ကြီးကျယ်တဲ့စိတ်။

နောက်ထပ် ကမ္ဘာ့ဖလား အဆင့်ပွဲတစ်ပွဲပါပဲ။ ဂိုးသမားနဲ့တိုက်စစ်မှူးနဲ့ နှစ်ယောက်ချင်း တွေ့ကြတဲ့မြင်ကွင်းပေါ့။
တိုက် စစ်မှူးဆွဲပြေးလာတဲ့ ဘောလုံးကို ဂိုးသမားက အတင်းဒိုင်ဗင်ထိုးပြီး
ဝင်ဖမ်းပစ်လိုက်တာပါ။ ဒါပေမဲ့ ဘောလုံးက
ဂိုးသမားရဲ့လက်ထဲရောက်မသွားဘဲ မိလုမိခင်အနေအထားကြီးပါ။ တိုက်စစ်မှူး
က သိမ်းကျုံးပြီးကန်သွင်းလိုက်ဖို့ ခြေကို
ပြင်ပြီးသား။ ကန်သွင်းလိုက်ရင်လည်း
ဂိုးဖို့က ကျိန်းသေ။ မကန်ဘူးခင်ဗျ။
ဂိုးသမားကို ခွ ကျော်ကာ ဆက်ပြေးသွားပါ
လေရဲ့။

ကန်လိုက်ရင်ဂိုးရမှာ ကျိန်းသေတယ်တဲ့။ ဒါပေမဲ့ ဂိုးသမားရဲ့မျက်နှာတွေ လက်တွေ
စုတ်ပြတ် ကျိုးပဲ့သွားလိမ့်မယ်တဲ့။
သူက တိုက်စစ်မှူးက နိုင်ရင်ပြီးရော မဟုတ်လား ကိုယ့်လူရဲ့။

ဥရောပဖလားမှာ ဥရောပ ထိပ်သီးအသင်း
နှစ်သင်းတွေ့ကြတဲ့ ဗိုလ်လုပွဲကိုလည်း
အမှတ်ရနေပါသေးတယ်။ တစ်သင်းက
သန့်သန့်ရှင်းရှင်းနဲ့၊ တစ်သင်းက ညစ်ညစ်ပတ်ပတ်နဲ့ ဗိုလ်လုပွဲကို တက်လာကြပါလေရော။ သန့်သန့်ရှင်းရှင်းအသင်းက တစ်ဂိုးသွင်းပြီး
အနိုင်နဲ့ပွဲသိမ်းလုလု။ မိနစ်ကိုးဆယ်ပြည့်ကာ နာကျင်အချိန်ပိုကန်လို့ စက္ကန့်ကလေးမျှသာ
ကျန်တဲ့အချိန်။

ပရိသတ်ကသန့်သန့်ရှင်းရှင်း တောက်လျှာက်
ကစားခဲ့လို့ အချစ်ပိုနေတဲ့ အသင်းကို
နိုင်စေချင်လွန်းတာကြောင့် ဘေးတွေဘာတွေ
ကန်ထုတ်တာမျိုးနဲ့ ပွဲပြီးအောင်လုပ်လိုက်
ပါတော့လားပေါ့။
ရိုးရိုးပါပဲ။ နဂိုကန်မြဲအတိုင်း ကန်တာ၊ ကစားတာကြောင့်တစ်စက္ကန့်အလိုလောက်နဲ့
ချေပဂိုးပြန်အသွင်း ခံရကာ အချိန်ပို
ဆက်ကန်ပြီး ရှုံးနိမ့်သွားခဲ့ရတာပါ။ မကစားတော့ဘဲ ဟိုသည်ဖျက်ထုတ်ကာ သည် လေးငါးစက္ကန့်ကိုကုန်သွားအောင်
လုပ်လို့ရရဲ့သားနဲ့ ဘာဖြစ်လို့မလုပ်တာတဲ့လဲ။

မနိုင်ချင်တာလား။ ဘယ်လိုပဲနိုင်ရနိုင်ရ
ဆိုတာမျိုးနဲ့ အနိုင်မယူချင်တာလား။

ဘောလုံးပွဲတွေနဲ့ မစိမ်းတော့တဲ့ မြန်မာပရိသတ်တွေအဖို့ ဘယ်သူတွေလဲ၊
ဘယ်အသင်းတွေလဲဆိုတာ တချို့ရိပ်စားမိနိုင်
ပါတယ်။ ထား။ လူက အရေးမကြီးပါဘူး။ တရားကပဲ အရေးကြီးတာပါ။

(လေး)

အခုရွေးကောက်ပွဲအကြို ကာလ မဲဆွယ်
စည်းရုံးရေးပွဲတွေ စပြီဆိုကတည်းက
ခပ်ညစ်ညစ် ကစားမယ့် ကစားကွက်တွေ၊
နိုင်ရင်ပြီးရော သဘောထားတွေနဲ့ အပေးအယူ အလိမ် အခေါက် အဖြတ်အဆွဲ
တွေလုပ်ကာ ကစားကွက်ပြင်လာတာမျိုး
တွေကို မြန်မာ့နိုင်ငံရေးကစားကွင်းကြီးထဲမှာ တွေ့လာရပါတယ်။

Fair Play ဆိုတဲ့ ဘောလုံးကွင်းထဲက စိတ်ကို သတိမူဖို့ ကောင်းပါတယ်။နိုင်ပြီးရှက်နေရတာ
ဟာ ရှုံးပြီးသိက္ခာရှိနေတာလောက်
အရသာမရှိပါဘူး။ နိုင်ရင်ပြီးစတမ်းဆိုတာ တိရစ္ဆာန်စိတ်ပါ။

နိုင်ငံရေးလုပ်မယ့်လူတွေ အဆင့်အတန်းရှိတဲ့ ဘောလုံးပွဲတွေကို များများကြည့်စေချင်ပါရဲ့။

credit: မောင်သာချို 7day



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: