Sunday, October 18, 2015

ကချင် ၁၁ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပ၍ ဒေသတွင်း ပါတီများနစ်နာဟုကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဆို

ကချင် ၁၁ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပ၍ ဒေသတွင်း ပါတီများနစ်နာဟုကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဆို
=========================================

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၁ ခုရှိ ကျေးရွာ အုပ်စုပေါင်း ၂၁၀ တွင် ရွေးကောက်ပွဲကျင်းပခြင်း မရှိသောကြောင့် ဒေသတွင်းပါတီများ နစ်နာမှုများ ရှိနေကြောင်း ဒေသခံပါတီများထံမှ သိရသည် ။

“အခုလိုမျိုး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ဒေသတွေကို ကြေညာလိုက်တဲ့ အတွက် ဒေသခံတွေရော ဒေသခံပြည်နယ် ကိုယ်စားလှယ်လောင်းတွေအတွက် သူတို့တွေရဲ့အခွင့်အရေး တွေ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အများကြီး ထိခိုက်စေပါတယ်” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြောသည် ။

ကချင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၁၁ ခုရှိ ကျေးရွာအုပ်စုပေါင်း ၂၁၀ အုပ်စုကိုအောက်တိုဘာလ ၁၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည် ။

“ပိတ်လိုက်တဲ့ ဒေသတွေမှာ ကချင်လူမျိုးတွေ အများဆုံးနေထိုင်ကြတာ။ ဥပမာ -ရွေးကောက်ပွဲမကျင်းပနိုင်လို့ ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်နယ် ပါတီတွေအတွက် ထောက်ခံမှုမဲက အပြည့်အဝရရှိတော့မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေမှာရှိတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးချင်ရင် ကိုယ်ပေးချင်တဲ့ဒေသမှာ မဲပေးလို့ရတယ်လို့တော့ ပြောတယ်” ဟု ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဆိုင်းက ပြောသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများရှိ ပြည်သူလူထုများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် အချိန်နှင့် ငွေကြေးအား စိုက်ထုတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မလုပ်ဖြစ်တဲ့ နေရာတွေကို တည်ငြိမ်မှုမရှိလို့ ပိတ်လိုက်တာလို့ ထင်ပါတယ်။ ပိတ်လိုက်တဲ့ ဒေသတွေက ပြည်သူတွေ နစ်နာမှုမရှိအောင် တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးစားသင့်ပါတယ်” ဟု စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒတ)ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောသည် ။

ကချင်ပြည်နယ်အတွင်း မချမ်းဘောမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၅ စု၊ ဆွမ်ပရာဘွမ် မြို့တွင် ကျေးရွာအုပ်စု ၃၁ စု၊ ခေါင်လန်ဖူးမြို့တွင် ကျေးရွာအုပ်စုပေါင်း ၂ စု၊ ဝိုင်းမော်မြို့တွင် ကျေးရွာအုပ်စုပေါင်း ၁၆ စု၊ ချီပွန်မြို့တွင် ကျေးရွာအုပ်စုပေါင်း ၉ စု၊ ဆော့လော်မြို့တွင် ကျေးရွာ အုပ်စုပေါင်း ၈ စု၊ အင်ဂျန်းယန်မြို့တွင် ကျေးရွာအုပ်စုပေါင်း ၆၁ စု၊ တနိုင်းမြို့တွင် ကျေးရွာ အုပ်စုပေါင်း ၉ စု၊ မိုးမောက်မြို့တွင် ကျေးရွာအုပ်စုပေါင်း ၂၇ စု၊ မံစီမြို့တွင် ကျေးရွာအုပ်စုပေါင်း ၂၂ စုနှင့် ရွှေကူးမြို့တွင် ကျေးရွာအုပ်စုပေါင်း ၁၀ စုတို့ ဖြစ်သည်။

By Kachin News



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: