Thursday, August 20, 2015

မြစ်ကြီးနား မဲဆန္ဒနယ် အမှတ်(၁)မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးလခရိဇော်ဘောက်နှင့် အင်တာဗျူး =========================================

မြစ်ကြီးနား မဲဆန္ဒနယ် အမှတ်(၁)မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးလခရိဇော်ဘောက်နှင့် အင်တာဗျူး ========================================= မကြာမီ ကာလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ အာဏာရပါတီ အပါအ၀င် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအများစု ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တသီးပုဂ္ဂလ အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးလခရိဇော်ဘောက်၏ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ၊ သဘောထားများနှင့် ပတ်သက်၍ MID NEWS တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ရပါသည်။ မေး။ ။ အခုလိုတစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ ဖြေ။ ။ ကျနော်က မြစ်ကြီးနားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဖြစ်တယ်။ အဲလိုဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး ကျနော် အမြဲသွားနေတော့ သိတယ်။ မြစ်ကြီးနားမြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အားလုံးသိတယ်။ နေရာတကာ ရောက်တာကိုး။ နောက်ပြည်သူနဲ့လည်း ကျနော်တို့ကအမြဲတမ်း ထိတွေ့တဲ့ခါကျတော့ ပြည်သူတွေရဲ့ လိုလားချက် ဒါကိုကျနော်တို့ နိုင်ငံတော်က အကြီးအကဲတွေ မြစ်ကြီးနားကိုလာရင် ကျနော့်အနေနဲ့ အမြဲတမ်း ပြည်သူ့ကိုယ်စားတင်ပြတယ်။ ကျနော်က မြို့နယ် အထောက် အကူဝင်တဲ့အခါ ကျနော်က လယ်သမားကိုယ်စားဝင်တယ်။ ကျနော်လယ်လည်း လုပ်ဖူးတယ်။ အဲဒီတော့ လယ်သမားတွေရဲ့ အခက်အခဲတွေ ဆင်းရဲသားတွေရဲ့ အခွင့်အရေးတွေကို အမြဲတမ်းတင်ပြတယ်။ ကျနော်အနေနဲ့လည်း လယ်သမားတွေ အနေနဲ့ တင်ပြတယ်ဆိုတော့ လယ်သမားတွေက အနှောင်အဖွဲ့မရှိဘူး။ လယ်သမားတွေက လိုတာချည်းပဲလေ။ ဆိုတော့ ဒါကိုဒီမှာ တင်ပြတဲ့အခါကျတော့ ဒီပြည်သူတစ်ဦးအနေနဲ့ တင်ပြတာထက်စာရင် ပြည်နယ် လွှတ်တော်ထဲမှာပါပြီးမှ ပြည်သူတွေကိုယ်စား လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကချင်ပြည်နယ် လွှတ်တော်ထဲရောက်ရင် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ကျနော်ယူဆတယ်။ ပါတီဆိုတော့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အနှောင်အဖွဲ့တွေရှိမယ်။ စည်းကမ်း အရ ပြန်ကြည့်မယ်ဆိုရင် ကျနော်အနေနဲ့ လုပ်ချင်ပေမယ့် ပါတီစည်းကမ်းအရ ကြည့်မယ်ဆိုတော့ လွတ်လွတ်လပ်လပ် ပြောလို့ရမယ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ ကျနော့်အနေနဲ့ လွတ်လွတ်လပ်လပ် ပြောလို့ကောင်းအောင် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအနေနဲ့ ပါဝင်ရခြင်းဖြစ်တယ်။ မေး။ ။ မြစ်ကြီးနားမြို့နယ် မဲဆန္ဒ္ဒနယ်မြေအမှတ်(၁)ကို ဘာကြောင့် ရွေးချယ်ရသလဲ။ ဖြေ။ ။ ကျနော်က ဒီဒေသကို ကျွမ်းကျင်တယ်။ ဒီဒေသရဲ့ ပထ၀ီအနေအထားလည်း ကျနော် အကုန်သိတယ်။ ဘာလို့လည်းဆိုတော့ ဒီမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကျနော်တို့ဒီမြို့ နယ် တစ်ခုလုံးကို ကြည့်နေရတာ။ နောက်ပြီးတော့ နိုင်ငံတော်ကနေပြီိး အဆင့်ဆင့် ချပေးတာရှိတယ်။ ပြီးတော့ ကျနော် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြဲသွားနေရတယ်။ တန်ဖဲ ထိပါ့။ တာလောကြီးတို့ အားလုံးအကျဲတို့ မော်ဖောင်းတို့ အာလမ်၊ ဒွမ်ဂမ်တွေ အမြဲတမ်း သွားတဲ့ခါ ဘယ်လမ်းက ဘယ်လိုလုပ်သင့်တယ်။ ဘယ်လမ်းက ဘာလိုတယ်။ ဘယ်နားမှာတော့ ကျောင်းရှိတယ်။ ဒါတွေသိတယ်။ မေး။ ။ အန်ကယ်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ အနိုင်ရခဲ့လို့ရှိရင် အန်ကယ်အနေနဲ့ ပြည်သူလူထု အတွက် ဘာတွေလုပ်ပေးနိုင်မယ်လို့ မျှော်လင့်လဲ။ ဖြေ။ ။ ကျနော်က ဒီမဲဆန္ဒနယ်မှာ ဘာလိုတယ်ဆိုတာ ပိုသိတယ်။ ပိုသိတယ်ဆိုတာက အမြဲတမ်း ကျနော် ထိတွေ့နေတာကိုး။ နေ့တိုင်း ဒီမှာလည်း အဲဒီမဲဆန္ဒနယ်မှာ ကျနော်နေတယ်။ ပြီးတဲ့အခါ အမြဲတမ်းလိုလို ဥပမာ- အမှုကိစ္စအနေနဲ့ အောင်မြင်သာမှာ လယ်ယာမြေကိစ္စ စုံစမ်းရေးဆိုရင်လည်း ကျနော် အမြဲသွားတယ်။ ထိုနည်းလည်းကောင်းပဲ တာလောကြီး ဆိုရင်လည်း ကျနော်သွားရတယ်။အာလမ်၊ အကျဲ ဆိုလို့ရှိရင်လည်း ကျနော်သွားတယ်။ ဒီဘက် နမ်ကျင်၊ မော်ဖောင်းတို့ ကျနော် အမှတ်(၁)မှာ ပါတဲ့ခါကျတော့ အဲဒီနေရာ ကျနော်သိတဲ့ခါကျတော့ ဒီဒေသကို ကျနော်ကပိုကျွမ်းကျင်တယ်။ ဘာလုပ်ပေးရမယ် ဆိုတာ ကျနော်သိတယ်။ ဥပမာဆိုရင် ပ.လ.န ဆိုရင် ဒီလမ်းအခု လက်ရှိလမ်းကကျဉ်းတယ်။ ကားနှစ်စီးအပြိုင် သွားမယ်ဆိုရင် ကားနှစ်စီးနဲ့သာ မာနရှိရှိနဲ့ မောင်းမယ်ဆိုရင် ကားနှစ်စီးလုံးမှောက်မယ့် အခြေအနေရှိတယ်။ မြစ်ကြီးနားနဲ့ မိုးကောင်းကြား နမ္မတီးနား တပ်ရင်းရှိတယ်။ အဲဒီနားက ကတ္တရာလမ်းရှိတယ်။ ကျနော်က တင်ပြတယ်။ ကျနော်တင်ပြတာ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ တင်ပြတဲ့ခါကျတော့ နောက်ဘတ်ဂျက်ဆိုတဲ့ အနေအထားဖြစ်တယ်။ တကယ်လို့ ကျနော် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတော် ဘတ်ဂျက်နဲ့ ကျနော် အဲဒီလမ်းကိုချဲ့ချင်တယ်။ ဒီလမ်းကို ချဲ့ခြင်းအားဖြင့် ဟိုက်ကလတ် ကားမှောက်သလိုမျိုး နောက်မဖြစ်တော့ဘူး။ အခုကဘာဖြစ်လဲဆို ကတ္တရာ လမ်းတော့ လုပ်ထားတယ်။ ဒီဘက်မှာ လမ်းနှစ်ခုက မရှိတဲ့ခါကျတော့ နည်းနည်း တိမ်းတာနဲ့ ကားကဒီဘက်မှောက်ပြီ။ အဲဒီလမ်းတွေ ရှိနေတဲ့ခါကျတော့ ကျနော်က ဒီလမ်းကို တစ်ဖက်စီကို ၁၀ ပေအနည်းဆုံးပေါ့ ၆ ပေနဲ့ ၁၀ ကိုချဲ့ချင်တယ်။ ကျနော် Idea အရဆိုရင် နိုင်ငံတော်က ဘတ်ဂျက်တွေရှိတယ်။ အရေးကြီးတာက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နိုင်ငံတော်ဘတ်ဂျက်ကို လိုရာကိုရောက်ဖို့ အရေးကြီးတယ်။ တကယ်အရေးကြီးတဲ့ နေရာရောက်ဖို့ဆိုတာက ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲထိုင်ပြီး ဘယ်မှာဘာမှန်းမသိ၊ ဘယ်ဟာမှန်းမသိ ကိုယ်နားမလည် လုပ်မယ် ဆိုရင်လည်း ပါတီက မူဝါဒကရှိသေးတယ် ဆိုတဲ့ခါကတော့ အနှောင်အဖွဲ့တွေ အရမ်း များတယ်။ ဆိုတော့ ကျနော်လွတ်လွတ်လပ်လပ် ပြောလို့ရမယ်လို့ ကျနော်မြင်တယ်။ ဥပမာ-အောင်မြင်သာဆိုဘာလိုလဲ။ အာလမ်မှာဆိုဘာလိုလဲ။ ဒွမ်ဂမ်မှာဆို ဘာလိုလဲ။ ပလန၊ မော်ဖောင်းဆို ဘာလိုလဲ။ အကုန်သိတယ်။ သိတယ်ဆိုတာက လိုအပ်ချက် ပေါ့နော်။ နိုင်ငံတော်က ဘတ်ဂျက်က သပ်သပ်ရှိတဲ့ခါကျတော့ ပထမဦးစားပေးက အရေးကြီးတဲ့ဟာ လုပ်ရမယ်ဆိုတာ သိတဲ့ခါကျတော့ ဒီဒေသဒီမြေကို ပြည်သူလူထုတွေ ဘာလိုချင်သလဲ။ ဒါကြောင့်လည်း ဒီဒေသကို မဲဆန္ဒနယ် ရွေးခြင်းဖြစ်တယ်။ တစ်အချက်။ နှစ်အချက်ကတော့ အခုကျနော်တို့ ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဓာတ်ကင် ဆိုတာ ရှိတယ်။ ဒီဓာတ်ရောင်ခြည်နဲ့ လုပ်တဲ့ဟာ အဲဒါဘယ်မှာရှိလဲဆို တောင်ကြီးမှာရှိတယ်။ ရန်ကုန်မှာရှိတယ်။ အကြမ်းဖျဉ်းပေါ့နော်။ မန္တလေးမှာရှိမယ်။ ဆိုတဲ့ခါကျတော့ ကျနော်တို့ ဒီမှာရှိတဲ့ ကင်ဆာရောဂါသည်တွေ သွားစောင့်နေရတယ်။ တောင်ကြီးဆိုရင်လည်း တစ်လစောင့်ရတာရှိတယ်။ တစ်ပတ်စောင့်ရတာရှိတယ်။ မြစ်ကြီးနားမှာသာ တကယ်လို့ များသာ ကင်ဆာကင်တဲ့စက် ဓာတ်ကင်တဲ့စက်ရှိမယ်ဆိုရင် ဒီလောက်ဒုက္ခမခံ ရတော့ဘူး။ ဆိုတော့ ဒီမှာကျတော့ ကိုယ့်အိမ်ကနေလာပြီး ကုလို့ရမယ်။ အဲဒီတော့ ကျနော် မြစ်ကြီးနားမှာ အဲဒီ ဓာတ်ကင်စက်ရအောင် လုပ်ချင်တယ်။ နိုင်ငံတော်ကတကယ်လို့ ဘတ်ဂျက်မရှိဘူးဆိုရင် ခွင့်ပဲပေး ကျနော်တို့ဒီမှာ လုပ်ငန်းရှင်တွေ ရှိတယ်။ အားလုံးစုပေါင်းပြီးမှ သူတို့လည်းအကျိုးရှိအောင် Public နဲ့ အစိုးရနဲ့ပေါင်းပြီးမှ ဓာတ်ကင်စက်ကို မြစ်ကြီးနားမှာ ရအောင်လုပ်ချင်တယ်။ ပြည်သူက အရေးကြီးတာကိုး။ ဒါမရှိပဲ တောင်ကြီးမှာသွားကုရင် ကုန်ကျစရိတ်လည်းများတယ်။ ဟိုမှာလည်း သွားစောင့်ဆို အရမ်းဒုက္ခများတယ်။ နောက်တစ်ချက်က မြစ်ကြီးနားမြို့မှာ ဆေးတက္တသိုလ်ရှိသင့်တယ်လို့ ကျနော်ယူဆတယ်။ ဆေးတက္ကသိုလ်က ကျနော်ကြိုးစား ကြည့်ချင်တယ်။ နောက်တတိယ အချက်က ပြည်နယ် လွှတ်တော်အဆင့်မှာ ဘာတင်ပြချင်သလဲဆိုရင်တော့ အသည်းနဲ့ပတ်သက်ပြီး ကိုယ်က ဘာမှ မတော်တဆ အလှူမင်္ဂလာကနေစားပြီးမှဖြစ်တာတို့ B ပိုး C ပိုး အသည်းရောဂါတွေ ရှိတယ်။ အဲဒီရောဂါက ကူးတာလွယ်လွယ်လေး။ ကူးတဲ့ချိန်ကျတော့လည်း ချက်ခြင်း မပေါ်ဘူး။ လေး၊ ငါးနှစ် ကြာတဲ့ချိန်မှ ပေါ်တင်။ ဒီရောဂါကုဖို့က သိန်းလေးငါးရာလောက်ရှိတယ်။ သာမန်လူ ကိုယ့်သားသမီး တစ်ယောက် ကိုတောင် ကျောင်းကောင်းကောင်း မထားနိုင်တဲ့ မိသားစုထဲ ဒီ B ပိုး C ပိုးတွေဖြစ် မယ်ဆိုရင် ဒီလူအတွက်က နိုင်ငံတော်ကလည်း တာဝန်ယူသင့်တယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်က တစ်စိတ်တစ်ပိုင်းတော့ တာဝန်ယူသင့်တယ်။ အားလုံး မဟုတ်ရင်တောင်မှ တ၀က်ယူ ဆိုတာမျိုး။ ဥပမာ HIV ဆိုရင်လည်း ဒါ အန်ဂျီအိုနဲ့လုပ်တာကိုး။ ဒီ B ပိုးC ပိုးကလည်း တကယ်တမ်းကျတော့ နိုင်ငံတော် မလုပ်ရင် ဘာမှမရှိဘူး။ လူတိုင်းကလည်း ဒီကိစ္စကို အခုထက်ထိ ဘယ်သူမှ ပြောတာမကြားသေးဘူး။ ဒါလည်းကို လူတွေက မသိကျိုးကျွန် ပြုတာလား။ ကျနော်အနေနဲ့က ကျနော်ဖြစ်ချင်တာ မျှော်မှန်းချက်လေးတွေနဲ့ ကူညီနေတဲ့ ဟာတွေကို ကျနော်ပြောမှာပဲ။ မူဘောင်ထဲမှာတော့ ပြောမှာပေါ့နော်။ နိုင်ငံတော် တည်ဆဲဥပဒေကို လိုက်နာမယ်။ လွှတ်တော်ထဲ ရောက်လာတဲ့ခါကျရင် ကျနော် တသီးပုဂ္ဂလအနေနဲ့က ဘယ်လောက်မှရှိမှာ မဟုတ်ပါဘူး။ နည်းနည်းပါးပါးပဲရှိတဲ့ခါ ကျနော်က ဆားတစ်ဆုပ်လိုပေါ့နော်။ ဒီဆားတစ်ဆုပ်ဟာ ပြည်သူအတွက် တကယ် အကျိုးရှိမယ်။ လူတွေ နိုင်ငံတော်နဲ့ ပြည်သူလူထုနဲ့ သဘောထားတိုက်ဆိုင်မယ်။ ပြည်သူ့ အကျိုးကို သယ်ပိုးမယ့်ပါတီပဲဖြစ်ဖြစ် အုပ်စုပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်ပါတီဝါဒမဆို ကျနော်ပူးပေါင်းပြီးမှ ပြည်သူလူထုအတွက် ကျနော်ဆန္ဒနဲ့ ကိုက်ညီ ရမယ်။ ပြည်သူအကျိုးအတွက် တစ်သားတည်းဖြစ်ပြီးတော့ မျှော်မှန်းချက်တူတဲ့သူနဲ့ ကျနော် အမြဲတမ်းပူးပေါင်းပြီးမှ နိုင်ငံအကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်မယ်လို့ ကျနော် ရည်ရွယ်ထားပါတယ်။ အမည်- ဦးလခရိဇော်ဘောက် ဇာတိ- မြစ်ကြီးနား ပညာအရည်အချင်း- B.Sc,(Chem.),HGP,Diploma In Ministry. လက်ရှိအလုပ်အကိုင် – မြစ်ကြီးနားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူး၊ လယ်သမားကိုယ်စားလှယ် ၀င်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကချင်ပြည်နယ်လွှတ်တော်၊ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) By MID News

No comments: