Wednesday, December 14, 2016

Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သတ်ဖြတ်ခံရခြင်းမှာ ရက်ရက်စက်စက် ကြိုတင်ကြံစည်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူး ပြောကြား =================== ===================


Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ စနစ်တကျဖြင့် ရက်ရက်စက်စက် ကြိုတင်ကြံစည်၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း လူသတ်မှုနှင့် ပတ်သက်၍ အမှုအား စစ်ဆေးနေသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သူ မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းမှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းနံဘေးတွင် သတင်းထောက် ကိုစိုးမိုးထွန်းကို ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာနှစ်ချက်၊ ၀ဲမျက်ခုံးကွဲပြဲ ဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/ ၂၀၁၆ (ပ) ၁၅၆၄/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း သိရပြီး အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ CID ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းကာ အမှုမှန်ပေါ် ပေါက်ရေးနှင့် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

“Eleven Media Group မှ  မုံရွာမြို့ သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး  လက်ရှိအချိန်မှာတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။ ဒီအမှုမှာက အဓိက ကျူးလွန်တဲ့သူကို ဖမ်းဆီးရမိဖို့အတွက် ကျွန်တော်တို့ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီလူသတ်မှုက သေသေချာချာ စနစ်တကျနဲ့ ကြံစည်ပြီးတော့ ကျူးလွန်ထားတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်စဉ်နေရာကို သွားရောက်စစ်ဆေး မှုတွေလုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ် သိသိချင်း ညပိုင်းမှာပဲ အဲဒီနေရာမှာ ရှာဖွေမှုတွေလုပ်တယ်။ ပုံစံပျက် မသွားစေဖို့ အစောင့်လည်း ချထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လေ့လာလိုက်တဲ့ အခါမှာ အသတ်ခံရသူ ကိုစိုးမိုးထွန်းက မှောက်လျက်အနေအထားပါ။ တကယ်အခင်းဖြစ်စဉ် နေရာနဲ့ ၁၀ ပေအကွာလောက်မှာပဲ အလောင်းကို လာပစ်ထားတဲ့အနေအထား တွေ့ရတယ်။ ကနဦးအနေနဲ့ ဆိုင်ကယ်မှောက်သေဆုံးတဲ့ အနေအထားလုပ်ထားလို့ ယာဉ်ထိန်းရဲက အရင်သွားစစ်ဆေးတယ်။ ဖြစ်စဉ်ကို ကြည့်လိုက်တဲ့အခါမှာတော့ လူသတ်မှု ဖြစ်နေတာကြောင့် ကျွန်တော်တို့ သွားရောက်စစ်ဆေးမှု တွေလုပ်ခဲ့တယ်။ လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ လေးပေကျော်ခန့်ရှိတဲ့ တုတ်တစ်ချောင်းကို မနက်ပိုင်းမှာ ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ နောက် ကိုစိုးမိုးထွန်းရဲ့ ဆိုင်ကယ်ဦးထုပ်၊ ဖိနပ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလူသတ်မှုဖြစ်စဉ်မှာဆိုရင် ကျွန်တော်တို့ ခန့်မှန်းချက်အရ ကျူးလွန်သူဟာ တစ်ဦးထက်ပိုပါတယ်။ နှစ်ဦးအထက်လည်း ဖြစ်နိုင်ပါတယ်။ သတင်းထောက် ကိုစိုးမိုးထွန်းဟာဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကိုလည်း ကူညီပြီးတော့ သတင်းရေးသားပေးခဲ့တာတွေ အများကြီးရှိပါတယ်။ သူဟာ လူရိုးလူအေး တစ်ယောက်ပါ။ ကျွန်တော်တို့ စခန်းမှာလည်း ဘာပြစ်မှုမှ ဖြစ်ပွားထားခြင်းလည်း မရှိပါဘူး။ ဒီလူသတ်မှုဟာ ကျူးလွန်သူဟာ စနစ်တကျနဲ့ ကျူးလွန်ခဲ့တာပါ။ CID က တုတ်က လက်ဗွေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ လက်ဗွေရာတွေက ပျက်စီးနေတယ်။ ဘာကြောင့်လဲဆိုတော့ တုတ်မှာ လက်ဗွေရာမထင်နိုင်အောင် တုတ်ကို အထစ်ထစ်နဲ့ ခြစ်ထားတယ်။ လက်ရှိ အမှုအနေအထားနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ကိုစိုးမိုးထွန်းရဲ့ ကျန်ခဲ့တဲ့ဖုန်းထဲက ဖုန်း Contacts တွေကို CID က ဖော်ထုတ်စစ်ဆေးနေပါတယ်။ သူဖုန်းခေါ်ထားတဲ့ သူတွေကို ကျွန်တော်တို့ စခန်းမှာ ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ လက်တလော စစ်ဆေးနေတာ ခြောက်ဦးခန့်ရှိပါတယ်။ အခင်း ဖြစ်စဉ်ကတော့ သူအသတ်ခံရတဲ့ နေရာမှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့  အဓိက ပါဝင်ပတ်သက်သူတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ပြောကြားသည်။

Eleven Media Group ၏ သတင်းထောက် ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူက “ကျွန်မ ယောက်ျားက ဘယ်သူနဲ့မှ ရန်ငြိုးမရှိပါဘူး။ သူအသတ်ခံခဲ့ရတဲ့ နေရာမှာ ကြိုးလည်းတွေ့တယ်။ တုတ်လည်းတွေ့တယ်။ ဒါဆိုရင် သူ့ကို တမင်သက်သက် ကြိုးနဲ့တုပ်ပြီး တုတ်နဲ့ရိုက်တယ်။ မသေသေအောင် သတ်တယ်လို့ ယူဆတယ်။ ဆေးစစ်ချက်တွေမှာလည်း နှာနုကို ဖြတ်ရိုက်ပစ်ပြီး မျက်လုံးထဲမှာလည်း သွေးခြေဥသွားတယ်လို့ ဆရာဝန်စစ်ဆေးချက်မှာ ပါတယ်။ ကျွန်မအမျိုးသား အသတ်ခံရတာနဲ့ ပတ်သက်ပြီး အမှန်တရားအတိုင်း ဖြစ်စေချင်ပါတယ်။ အမှုမှန် အမြန်ပေါ်ပေါက်စေချင်တယ်” ဟု ဒေါ်ခင်ချိုလတ်က ပြောကြားသည်။

ထို့ပြင် EMG သတင်းထောက် ကိုစိုးမိုးထွန်းနှင့်အတူ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ မုံရွာမြို့ခံ  သတင်းထောက်တစ်ဦးကလည်း “သူအခုလိုမဖြစ်ခင်က သူနဲ့ ကျွန်တော် ညနေခင်းမှာ တွေ့လိုက်သေးတယ်။ ညမှာပဲ အခုလိုဖြစ်စဉ် ဖြစ်တယ်ဆိုတာ ကြားလိုက်ရတယ်။ ကြားကြားချင်း ကျွန်တော်တို့ မယုံကြဘူး။ စနောက် နေတယ်လို့ပဲထင်နေတာ။ နောက်မှာ သေချာသွားပြီဆိုတော့ အခင်းဖြစ်စဉ်နေရာကို ကျွန်တော်တို့ လိုက်သွားကြတယ်။ ဒီလို လုပ်ရင် ဒီလိုသေနိုင်တယ်ဆိုတာကို စီးပွားရေး လုပ်ငန်းရှင်တွေက လုပ်ပြလိုက်တယ်လို့ ထင်ပါတယ်။ ကျွန်တော်နဲ့ အတူတူ သတင်းလိုက်ခဲ့တာက မုံရွာစီးပွားရေးတက္ကသိုလ်မှာ လုယက်မှုဖြစ်တာကို သတင်းအတူတူ လိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကြံခံရတာ မဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။

Eleven Media Group ၏ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းမှာ မုံရွာမြို့ပေါ်တွင် ဖြစ်ပျက်နေသည့် သတင်းများ၊ နယ်မြေသတင်းများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတင်းများ အစရှိသည့် နယ်မြေအတွင်း ဖြစ်ပျက်လျက်ရှိသည့် သတင်းများအား အမှန်အတိုင်း ဖော်ထုတ်ရေးသားလျက်ရှိသည့် သတင်းထောက် တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်းမှာ မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကျွန်မသားလေးက အရမ်းရိုးသားပါတယ်။ သူ့အဖေအတိုင်းပဲ။ အများအတွက် အမှန်တရားအတွက် အလုပ်လုပ်ပေးနေတာ။ အခုလိုအဖြစ်ဆိုးဖြစ်သွားတာ ဘယ်လိုမှ မခံစားနိုင်ဘူး။ သားလေးအတွက် အရမ်းကြေကွဲဝမ်းနည်းရတယ်။ ပြောမပြတတ်အောင်ပါပဲ။ ကျွန်မတို့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေချင်တယ်။ အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေချင်ပါတယ်။ ကူညီပေးကြပါ” ဟု လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သတင်းထောက် ကိုစိုးမိုးထွန်း၏ မိခင် ဒေါ်ရီရီဌေးက ပြောကြားသည်။

“သူက လူအေးဗျ။ ဘယ်သူနဲ့မှာ ရန်ငြိုးရန်စ မရှိဘူး။ ကျွန်တော်နဲ့က တွေ့လိုက်တာ လွန်ခဲ့တဲ့ ၆ ရက်လောက်က တွေ့လိုက်ရတာ။ အဲဒီနောက် မတွေ့ရတော့ဘူး။ သူက အမှန်တရားအတိုင်း သတင်းတွေ ဖော်ထုတ်ရေးသားတယ်။ ဒါကို မကျေနပ်ကြသူတွေလည်း ရှိကြမှာပေါ့။ ကျွန်တော်တို့ ဒီလိုဖြစ်လာမယ်လို့ ဘယ်လိုမှထင်မထားဘူး။ အရမ်း စိတ်မကောင်း ဖြစ်ရတယ်” ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် မုံရွာမြို့ခံ သတင်းထောက် ကိုစိုးမိုးထွန်းမှာ မကြာသေးမီက မုံရွာမြို့ပေါ်တွင် KTV များ ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး တရားမ၀င် KTV များအား ထပ်မံ ဖွင့်လှစ်ခြင်း မပြုနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ စာတင်ပြထားဖူးကြောင်း ဒေသခံသတင်းထောက်များထံမှ စုံစမ်းသိရှိရသည်။ လက်ရှိ သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းမှာလည်း အဆိုပါ KTV  ဖြစ်စဉ်နှင့်လည်း ပတ်သက် ဆက်နွှယ်မှုရှိနိုင်ကြောင်း ဒေသခံ သတင်းထောက်များနှင့် ၎င်းနှင့်ရင်းနှီးသူများက သုံးသပ် ပြောကြားသည်။

လူတစ်စု၏ စနစ်တကျ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည့် Eleven Media Group ၏ မုံရွာမြို့ခံသတင်းထောက် ကိုစိုးမိုးထွန်း (၃၇ နှစ်) ၏ နာရေး အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ ဆားကျင်းသုသာန်တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။                
Writer:
ဌေးလှအောင်၊ ရန်ပိုင်

============

Eleven Media Group

No comments: