Wednesday, December 14, 2016

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ထုတ်ပေးနိုင်ရန် မန္တလေးမြို့တွင် စတင်စမ်းသပ်

မန္တလေး၊ ဒီဇင်ဘာ ၁၃

 

နိုင်ငံသား မှတ်ပုံတင်ကတ်များကို စမတ်ကတ်အဖြစ် ပြောင်းလဲ ကိုင်တွယ်နိုင်စေရေးအတွက် မန္တလေးမြို့ပေါ်၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စတင် စမ်းသပ် လုပ်ဆောင်ပေးခဲ့သည်။

 

ချမ်းအေးသာစံမြို့နယ် ပတ်ကုန်း ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈  နှစ်ပြည့်ပြီးသူ ၄၅ဝဝ ဦးခန့်ကို ဗထူး အားကစားကွင်းရှိ ဘတ်စကက် ဘောရုံအတွင်း ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

“အခု လုပ်ပေးနေတာက ဒေသခံတွေအတွက် အဆင်ပြေမှု ရှိ၊ မရှိ၊ မြန်ဆန်မှု ရှိ မရှိ စမ်းသပ် ဆောင်ရွက်တာ။ အဆင်မပြေရင် မလုပ်ပေးတော့ဘူး။ တကယ်လို့ အဆင်ပြေတယ် ဆိုရင်တော့ အခု လုပ်ပေးပြီးသားသူတွေ ထပ်လုပ်စရာ မလိုတော့ဘူးပေါ့။ အစိုးရကလည်း e- Gorverment အဖြစ် လုပ်နေတာ၊ လွှတ်တော်မှာ တင်ပြခဲ့တာတွေကြောင့် စမ်းသပ် ဆောင်ရွက်တာပါ”ဟု မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်ချယ်က ပြောကြားသည်။

 

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ထုတ်ပေးရန် လုပ်ဆောင်ရာတွင် ကိုယ်ရေး အချက်အလက် တောင်းယူခြင်း၊ လက်ဗွေစကမ် ဖတ်ခြင်း၊ မျက်စိစကမ် ဖတ်ခြင်းများနှင့် ပတ်စပို့ဆိုဒ် အရွယ် ဓာတ်ပုံရိုက်ခြင်းတို့ကို အဆင့်ဆင့် ပြုလုပ်ရသည်ဟု စမတ်ကတ်အဖြစ် ပြောင်းလဲ ကိုင်ဆောင်ရန် လာရောက်ခဲ့သူ အချို့ထံမှ သိရသည်။

 

စမတ်ကတ် အသုံးပြုခြင်းဖြင့် လူတိုင်း၏ ကိုယ်ရေး အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းနိုင်သည့်အပြင် တစ်စုံတစ်ရာကြောင့် ရှာဖွေလိုပါကလည်း လျင်လျင်မြန်မြန် ရှာဖွေနိုင်မည်ဖြစ်ကြောင်း ဦးတင်ချယ်က ထပ်လောင်း ပြောဆိုသည်။

 

“ဒီလို လုပ်ပေးတာ ကောင်းတဲ့ အနေအထားပါ။ သူများ နိုင်ငံတွေမှာလည်း စမတ်ကတ် သုံးနေကြတာပဲ။ စမတ်ကတ်က ကိုယ်ရေး အချက်အလက်တွေ ပိုမိုလုံခြုံမယ်လို့ ထင်တယ်”ဟု ပတ်ကုန်းဝန်းကျင်ရပ်ကွက်မှ ဒေသခံတစ်ဦး ဖြစ်တဲ့ ဦးအောင်သိန်းက ပြောကြားသည်။

 

ယင်းသို့ ဆောင်ရွက်ပေးမှုကို နေပြည်တော် ကောင်စီနယ်မြေရှိ ပုဗ္ဗသီရိ မြို့နယ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က စမ်းသပ် လုပ်ဆောင်ပေးပြီးနောက် မန္တလေးမြို့တွင် ထပ်မံ စမ်းသပ် လုပ်ဆောင်ခြင်း ဖြစ်သည်။

The Voice

No comments: