Sunday, December 4, 2016

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေသဖြင့် အစိုးရက ကူညီရန် တောင်းဆို



ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပေါင်းလုပ် ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့က ကူညီစေလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌက ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့ တင်ပြခဲ့ကြောင်း သိရသည်။

“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဟာ  Investor တွေ လိုပြီးတော့၊ အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။ အခု က Investment တွေလိုနေပြီး ပိုက်ဆံလည်း မရှိတဲ့အတွက်ကြောင့်မို့  ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း အလေးအနက်ထား စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဒီက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ၀ိုင်းလုပ်နေကြတာပါ။ အဲဒါကိုလည်း ပိုပြီး မြန်ဆန်သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံ  ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုအား စတင်ရေးဆွဲခဲ့စဉ်က တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အိမ်ရာစီမံကိန်း အဖြစ်သာ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာ ရာခိုင်နှုန်း ၃၀ နှင့် တန်ဖိုးမြင့်အိမ်ရာ ရာခိုင်နှုန်း ၇၀ ပါဝင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လစဉ် ကျပ် ၈၈၀၀၀ ရရှိသူ၏ ၀င်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ကနဦး ပေးချေကာ ကျန်ငွေကို လစဉ်အရစ်ကျ ပေးသွင်းရမည့်နှုန်းထားဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂  ခုနှစ် နိုဝင်ဘာ ၁ ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ထို့နောက် စီမံကိန်းစတင်ခဲ့ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို စီမံကိန်း လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး Original Grop Co.Ltd အပါအ၀င်  Developer လေးဦးခန့်ကို ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ ထိုသို့ ချထားပေးပြီးနောက် တန်ဖိုးနည်းအိမ်ရာဆိုသည့် စကားလုံးအစား တန်ဖိုးမျှတအိမ်ရာဟုဆိုကာ အသွင်ပြောင်းလဲလိုက်ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့်ကျသင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ တန်ဖိုးနည်းဟုဆိုကာ ဆောက်လုပ်ခဲ့သည့် စီမံကိန်းမှာ ကျပ်သိန်း ၂၀၀ အထိ ဖြစ်လာမည်ဆိုသဖြင့် ရန်ကုန်မြို့တွင်းရှိ တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့တွင်းနှင့် နီးကပ်သည့် တိုက်ခန်းများမှာ ရာခိုင်နှုန်း ၅၀ ခန့် ရုတ်တရက် တန်ဖိုး မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်သိန်း ၂၅၀ ၀န်းကျင်သာရှိသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၃၅၀ ၀န်းကျင်အထိ ခုန်တက်ခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ်-ရတနာတန်ဖိုး သင့်အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်း ပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အ၀န်း ၆၀၀ sqft မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင် ၁၈ ထပ် အဆောက်အအုံခြောက်လုံး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ အထပ်မြင့်ဖြစ်သည့်အတွက် ဘိုးတိုင်များရိုက်ရခြင်း၊ ဓာတ်လှေကားများ တပ်ဆင်ရခြင်း စသည့်အခြေအနေများမှာ ကုန်ကျစရိတ်အား မြင့်မားစေခဲ့ကြောင်း အဆိုပါ စီမံကိန်းနှစ်ခုကို လုပ်ဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်သမ္မတကြီးလက်ထက်မှာ ကျွန်တော်တို့လည်း ပါပါတယ်။ ခင်ဗျားတို့ ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ကျွန်တော့်လည်း ကားပေါ်မှာ မေးတယ်။ တစ်ပေပတ်လည်ကို ကျပ် တစ်သိန်းတဲ့။ ၅၉၉ စတုရန်းပေဆိုတော့ ၅၉၉ သိန်း။ သိန်း ၆၀၀ ပေါ့ဗျာ။ အဲဒီနေရာ မှာ အဲဒီဈေး ရပါ့မလားဗျာတဲ့။ သမ္မတကြီးတောင်မှ ရပါ့မလားတဲ့။ တစ်ပေပတ်လည် တစ်သိန်းကို တစိုက်မတ်မတ် ပြောလာတာ။ အခုကျတော့ ညှိရင်း ညှိရင်းနဲ့ တန့်နေတာပေါ့။ အခုကျတော့ ရင်းနှီးမြှုပ်နှံဖို့ရော” ဟု ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းများမှာ မြို့ပြင်နေရာတွင် ရှိနေခြင်း၊ တစ်ပေပတ်လည် ကျပ်တစ်သိန်းဖြစ်နေခြင်း အစရှိသည့် အခြေအနေများကြောင့် စိတ်ဝင်စားမှုနည်းပါးနေခြင်းကြောင့် ရပ်ဆိုင်းနေရခြင်းဖြစ်နိုင်ကြောင်း နှင့် အဆိုပါအခြေအနေအပေါ် ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောကြားခဲ့သည်။

Writer: 

ဖြိုးဝေ

Eleven Media

No comments: