Sunday, December 4, 2016

လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ‘မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေအား အကဲဖြတ်ခြင်း’ သုံးသပ်ချက်စာတမ်း၌ ထုတ်



လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေး သားခွင့် အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း PEN Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ “မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် အခြေအနေအား အကဲဖြတ်ခြင်း”သုံးသပ်ချက်စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ သုံးသပ်ချက်စာတမ်းကို ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ကျင်းပသည့် PEN Myanmar ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်သက်တမ်း ပထမနှစ် နှစ်ဝက်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို အကဲဖြတ်ရန် ရည်ရွယ်ကာ PEN Myanmar သည် နယ်ပယ်အလိုက် ကျွမ်းကျင်သူများကို ဖိတ်ခေါ်ကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလလယ်တွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး သို့ Article 19 ၊ PEN Myanmar ၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင် ပြပွဲအဖွဲ့၊ Myanmar IT for Development Organization (MIDO) ၊ ပြည်ကြီးခင်နှင့် ရန်ကုန်သတင်း ပညာသိပံ္ပတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အစည်းများမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ဆိုင်ရာ ညွှန်းကိန်းများအဖြစ် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များ၊ သတင်းမီဒီယာ အမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လုံခြုံဘေးကင်းခြင်း နှင့် အကာအကွယ် ရရှိခြင်းစသည့် အချက်များ ပေါ်တွင်မူတည်ကာ ဆွေးနွေးသုံးသပ် အကဲဖြတ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါညွှန်း ကိန်းခြောက်ခုဖြင့် အစိုးရ၏ ပြုပြင်ပြောင်းလဲရာတွင် ဆုတ်ယုတ်မှုများ၊ ကျရှုံးမှုများနှင့် ကတိက၀တ်များအား အကောင်အထည်မဖော်မှု တို့ကို အကဲဖြတ်ခြင်းဖြစ်ကာ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို ယခင် ၂၀၁၁-၂၀၁၅ ကာလနှင့် နှိုင်းယှဉ်ကြည့်ရှုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးသုံးသပ် အကဲဖြတ်ချက်များအရ ထုတ်ပြန်လိုက်သည့် စာတမ်းတွင် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်အခြေအနေ သိသိသာသာ ကျဆင်းလာကြောင်း၊ နိုင်ငံရေး အခင်းအကျင်း အကူးအပြောင်းကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်အခြေအနေများ တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း အများစုမှာ NLD အစိုးရ၏ လုပ်ဆောင်အကောင်အထည် ဖော်မှုကြောင့် သက်သက် မဟုတ်သကဲ့သို့ အချို့ကိစ္စများတွင် ယင်း၏အားထုတ်မှုနှင့် လုံးဝပတ်သက်ခြင်းမရှိပါဟု တက်ရောက်လာသူများက မှတ်ချက်ပြုကြောင်း၊ အချို့နယ်ပယ်များ အထူးသဖြင့် ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်တွင် ယခင်ကထက် ပိုမိုတင်းကျပ်လာသည်ကိုတွေ့ ရှိရကြောင်း၊ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန်မှာ နိုင်ငံရေးတွင်တပ်မတော်၏ သြဇာအာဏာ လွှမ်းမိုးမှုကြီးမားနေဆဲ ဖြစ်ခြင်း၊ ၀န်ကြီးဌာနအများစု၏ အုပ်ချုပ်ရေးပိုင်းတွင် တပ်မတော်အရာရှိ ဟောင်းများ တာဝန်ယူထားခြင်း စသည့် အတားအဆီး အခက်အခဲများရှိသည်ကို အသိအမှတ်ပြုကြောင်း၊ သို့ရာတွင် NLD အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်နှင့် မီဒီယာ လွတ်လပ်ခွင့်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နည်းဗျူဟာများ၊ အစီအစဉ်များအား အချိန်ဇယားဖြင့် စနစ်တကျပြင်ဆင်ထား ခြင်းမျိုး ပြုလုပ်သင့်သည်ဟု ယူဆကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ယခုအချိန်အထိ အရေးပါသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိကျပြတ်သားသော အစီအစဉ်များ၊ အချိန်အပိုင်းအခြားများ ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း” တို့ ပါဝင်သည်။ ထို့ပြင် သတင်းမီဒီယာများ လွတ်လပ်အမှီ အခိုကင်းမှု၊ သတင်းအချက်အလက် ရယူနိုင်ခွင့်နှင့် လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ် ရှိခြင်းတို့တွင်လည်း တိုးတက်ပြောင်းလဲခြင်း မရှိဟု အကဲဖြတ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင် အပြောင်းအလဲ တိုးတက်မှု မတွေ့ရသေးသော်လည်း အရေးပေါ်အက်ဥပဒေကို ပယ်ဖျက်ခြင်းကဲ့သို့သော အရေးပါသည့် ပြုပြင်ပြောင်းလဲနိုင်မှုကို တွေ့ရကြောင်းတို့ကိုလည်း စာတမ်းတွင် ထည့်သွင်းထားသည်။

ထို့ပြင် စာတမ်းတွင် အကြံပြုချက် အသေးစိတ်များကိုလည်း ထည့်သွင်းထားကာ အဆိုပါ စာတမ်းကို ပြည့်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ PEN စင်တာအားလုံးသို့ PEN Myanmar မှ ပေးပို့သွားမည်ဖြစ်ပြီး အစိုးရသက်တမ်း တစ်နှစ်ပြည့်မြောက်သည့် ၂၀၁၇ ခုနှစ် ဧပြီတွင် တစ်ဖန်သုံးသပ်ပြီး အစီရင်ခံစာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media

No comments: