Sunday, December 4, 2016

ဖားကန့်ဒေသတွင် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်


သေနတ်ထိမှန် သေဆုံးခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူကို သယ်ဆောင်လာသည့် လူအုပ်အား တွေ့ရစဉ်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ စွန့်ပစ်မြေစာပုံတစ်ခုတွင် ရေမဆေးကျောက်ရှာ ဖွေနေသူတစ်ဦးအား ကုမ္ပဏီလုံခြုံရေး ယူထားသော တပ်မတော်သားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်အတွက် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာအနီးရှိ အဲဗားဝင်းနား ကုမ္ပဏီလုပ်ကွက်အပိုင် စွန့်ပစ်မြေစာပုံတွင်  လူအများအပြား ရေမဆေးကျောက်ရှာဖွေ နေကြစဉ် ကုမ္ပဏီလုံခြုံရေးယူထားသော တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကုဋေကျေးရွာနေ သိန်းစိုး (၃၀ နှစ်) (ဘ) ဦးခင်မောင်သန်းမှာ ဘယ်ဘက်ရင်အုံတွင် ကျည်ဆန်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အားလုံး လူ ၁၀၀ ကျော်လောက် ကျောက်ရှာနေကြတယ်။ စွန့်ပစ်မြေစာပုံမှာ ရှာနေကြတာ။ အဲဒါကို ဆင်းလာပြီး မင်းတို့က ဘာကောင်လဲဆိုပြီး ပစ်တာ။ အခုသေသွားတဲ့သူက ဖိနပ်ရာတောင် မရွေ့ဘူး။ တစ်ခါတည်း လဲပြိုသွားတာ။ ဒါတောင် အဲဒီစစ်သားက ကျန်တဲ့သုံးလေးယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်နေသေးတာ။ အဲဒီအချိန်မှာ ရေမဆေးသမားတွေ အုပ်လိုက်ဆင်းလာပြီး ကျောက်ခဲတွေနဲ့ထုမှ အပေါ်ကို တက်ပြေးသွားတာ။ အဲဒီစစ်သားကို မဲလုံးလို့ခေါ်တယ်။ အရင်ကလည်း ရေမဆေးသမားတွေကို ဖားခုန်ခုန်ခိုင်းတယ်။ ကျွမ်းထိုးခိုင်းတယ်။ အမျိုးမျိုးလုပ်နေတာ”ဟု မျက်မြင်ကြုံတွေ့ခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူ ဦးအောင်ရှိန်က ပြောကြားသည်။

“စစ်သားက ခြိမ်းခြောက်ဖို့ဆင်းလာတယ်။ သူက မူးနေတယ်ထင်တယ်။ အဲဒီမှာ သေနတ်လွတ်ကျသွားတယ်။ အဲဒါကို အားလုံးက ၀ိုင်းရယ်ကြတယ်။ အဲဒီအခါမှာပဲ သူက သေနတ်ကို ကျည်ထိုးပြီး ရှေ့ကလူကို ပစ်လိုက်တော့တာ။ ဘေးနားမှာ အချဉ်ပေါင်းသည်လည်း ရှိတယ်။ ကျန်တဲ့သူတွေ ဘာမှမဖြစ်လို့ တော်သေးတယ်” ဟု မျက်မြင်ကြုံတွေ့သူ ရေမဆေးသမားတစ်ဦးက ပြောကြားသည်။

ယင်းသို့ လူသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ရေမဆေးသမားများ အုံကြွမှုဖြစ်ပေါ်လာခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ညနေ ၃ နာရီခန့်က အခင်းဖြစ်ပွားသည့်နေရာမှ သယ်ဆောင်ကာမားဆား၊  ကုဋေ၊ မှော်စီစာ၊ လုံးခင်းစသည့် ကျေးရွာများသို့ လမ်းလျှောက်ချီတက်ခဲ့ကြကြောင်း၊ ချီတက်ရာ လမ်းတစ်လျှောက်တွင် ကျေးရွာလူထုများလည်း ပါဝင်လာကြပြီး ယင်းလုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ကြေွးကြော်ဆန္ဒထုတ် ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

“အလောင်းကို အားလုံးမြင်အောင်ရွာစဉ်အလိုက် သယ်ဆောင်ပြီး ဆန္ဒပြကြတယ်။ အခုကတော့ လုံးခင်းကျေးရွာရင်ခွဲရုံမှာ ရောက်နေပြီ။ လူတွေကလည်း အဲဒီမှာ စုရုံးနေကြတုန်းပဲ။ ကုမ္ပဏီကို တစ်ခုခုတုံ့ပြန်ဖို့ တိုင်ပင်နေကြတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေကိုလည်း စောင့်နေတယ်။ သက်ဆိုင်ရာကတော့ လာရောက်တွေ့ဆုံတာ မရှိသေးပါဘူး” ဟု ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဦးတူးလွင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်နယ်ရဲမှူးကြီး ထွန်းဦးက “ဖြစ်တာက ကုမ္ပဏီဝင်းထဲကို ရေမဆေးရှာသူ ငါးယောက် ၀င်လာတယ်။ လုံခြုံရေးတွေက တားတာ မရဘူး။ အဲဒါနဲ့ ခမရ ၄၂၁ က တပ်သားတစ်ယောက်က ခြောက်လှန့်ဟန့် တားတယ်။ ကျော်ပစ်တာတို့ လုပ်တဲ့အခါ လူတွေကများတော့ တစ်ယောက်ကို သွားထိတယ်။ သေတယ်။ သေတော့ လူတွေ ပိုစုလာပြီး အပြန်အလှန်ပြဿနာဖြစ်ကြတယ်။ လူကြီးတွေရှင်းပေးကြတယ်။ ရဲမှူးနှစ်ယောက်လည်း ရှိတယ်။သက်ဆိုင်ရာ တပ်ရင်းက တပ်ရင်းမှူးနဲ့ အရာရှိတွေလည်း ရောက်သွားတယ်။ လူစုလည်း ကွဲသွားတယ်။ အဲဒီမှာ လူ ၂၀၀ လောက်က လူထုကို စည်းရုံးလှုပ်ရှားပြီး ဆူပူမှုဖြစ်စေလိုတဲ့ဆန္ဒနဲ့ တိုက်နယ်ဆေးရုံကို ကားနဲ့မသယ်ဘဲ လူတွေနဲ့ သယ်ကြတယ်။ လုံးခင်းတိုက်နယ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေတာတွေ လုပ်တယ်။ လုပ်ပြီးရင် ရင်ခွဲစစ်ဆေး တာတွေရှိမှာပေါ့။ အမှုဖွင့်တာတော့ ၃၀၂ ဖြစ်မလား။ ၃၀၄ ဖြစ်မလား။ ရင်ခွဲစစ်ဆေး ချက်ပေါ် မူတည်မှာပေါ့။ ကပ်ပစ်တာတို့ဆို ရင်တော့ ၃၀၄ လောက်ဖြစ်သွားမှာပေါ့။ အရင်ကလည်း ဖြစ်ဖူးပါတယ်။ လျော်ကြေးတွေ ဘာတွေ လုပ်ကြတာလည်းရှိတယ်။ အထူးဂရုစိုက်ရမှာက နစ်နာသူကတခြား ရသွားတဲ့သူက တခြားဖြစ်မှာကိုလည်း လူကြီးတွေက အထူးဂရုစိုက်သွားမယ် ထင်ပါတယ်။ အခုအချိန်အထိတော့ ရဲစခန်းမှာ အမှုဖွင့်တဲ့ ( ပ) နံပါတ်မရသေးပါဘူး” ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခန့်က ပြောကြားသည်။

No comments: