Posted: December 1, 2016
စင်ကာပူစီးပွားရေး လုပ်ငန်းရှင်များထံမှ မြန်မာလုပ်ငန်းရှင်များ အနေဖြင့် အကျင့်ပျက် အဂတိလုပ်ဆောင်မှု မရှိဘဲ ငွေကြေးရှာမှု သင်ယူနိုင်မည်ကို ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၃၀ ရက် ညပိုင်းက သမ္မတအိမ်တော် ရာ Istana ရှိ ဂုဏ်ပြု ညစာစားပွဲခန်းမ၌ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တည်ခံဧည့်ခံသည့် ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး စင်ကာပူစီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြုပ်နှံခြင်းအား ဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မြဲက စေရေးနှင့် စင်ကာပူများနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ကို မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြုပ်နှံရန် ကြိုဆိုကြောင်း ပြောကြား ရာတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “စင်ကာပူစီးပွားရေး လုပ်ငန်းရှင်တွေဆီက ကျွန်မတို့နိုင်ငံက လုပ်ငန်းရှင်တွေ အနေနဲ့ ငွေကြေးဖော်ဆောင်မှုကို သင်ယူနိုင်ရုံမကဘူး အကျင့်ပျက် အဂတိလုပ်ဆောင်ချက် မရှိဘဲ ငွေကြေး ရှာနိုင်မှုကို သင်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါဟာ တကယ့်ကို အရေးကြီးပါတယ်” ဟု ပြောသည်။
အဆိုပါညစားပွဲတွင် စင်ကာပူနိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံအကြား ပဋိညာဉ်ချူပ်ဆိုရေး နှင့် နိုင်ငံအကြား စီးပွားရေး တိုးတက်ရေးအတွက် အခွန်နှစ်ထပ် ပေးသွင်းရေး လျှော့ချရန် သဘောတူညီချက်များ ပြန် လည်မွမ်းမံရေး ကိစ္စအပါအ၀င် စီးပွားရေး အရေးကိစ္စများအား နိုဝင်ဘာ ၃၀ ရက်ညပိုင်းက ဆွေးနွေးခဲ့ကြကြောင်း The Straits Time သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။
နှစ်နိုင်ငံ၏ စီးပွားရေးဆက်ဆံမှုသည် ခိုင်မာအားကောင်းနေပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမှာလည်း အပြန်အလှန် တိုးတက်လျက် ရှိနေကြောင်း၊ ယင်းက မြန်မာနိုင်ငံ၏ ရေရှည်အောင်မြင်မှု အပေါ်တွင် စင်ကာပူနိုင်ငံက ယုံကြည်မှု ရှိထားသည်ကို ပြသနေခြင်းဖြစ်ကြောင်း လီရှန်လွန်းက မှတ်ချက်ပြုပြောသည်။
ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည့် နှစ်နိုင်ငံ ဗီဇာမဲ့ သွားရောက်နိုင်ခြင်းနှင့် တစ်ပြိုင်တည်း ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည် ၏ အလည်အပတ် ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံမှု ပင်ဖြစ်ကြောင်း ၎င်းက ဂုဏ်ပြုစကားဆိုသည်။
“နှစ်နိုင်ငံကြား လေကြောင်း ဆက်သွယ်မှုတွေ တိုးမြှင့်သွားနိုင်မယ် လို့လည်း မျှော်လင့်ထားတယ်။ ဒါမှ ကျွန်တော်တို့ နှစ်နိုင်ငံ ပြည်သူတွေ ပိုမိုလွယ်ကူစွာ အပြန်အလှန် သွားရောက်နိုင်ကြမှာ ဖြစ်တယ်” ဟု လီရှန်လွန်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စင်ကာပူ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။ စင်ကာပူသို့ နိုဝင်ဘာ ၃၀ နေ့လယ်ပိုင်း တွင် ရောက်ရှိပြီးနောက် စင်ကာပူနိုင်ငံရှိ ရှန်ဂီလာဟိုတယ်တွင် ပြုလုပ်သည့် IE Singapore ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတွင် စီးပွားရေး ကိစ္စများ ဆွေးနွေး ခဲ့ခြင်းများရှိသည်။
ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံ အနေဖြင့် ထောက်ပံ့ကူညီပေးရန် လိုအပ်ကြောင်း စင်ကာပူနိုင်ငံမှ လက်တွဲခေါ်ခြင်းအားမှ မြန်မာနိုင်ငံ အနေဖြင့် နှစ်ပေါင်း ၂၀ အတွင်း စင်ကာပူနိုင်ငံကို ကျော်တက်နိုင်မည် ဖြစ်ကြောင်း ကွယ်လွန်သွားပြီ ဖြစ်သည့် စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု စင်ကာပူနိုင်ငံ စတင်ထူထောင်ခါ စက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြောကြားသည့်အပေါ် ကိုးကားပြော ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားဥပမာနှင့် ပတ် သက်ပြီး ပြောကြား ခဲ့သည့် သတင်းအား Channel News Asia သတင်းဌာန ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားရာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် လူမျိုးစုများအရေး စိတ်ဝင်စားသူများက ပြင်းထန်သော မှတ်ချက်ပြု ရေးသားခြင်းများ တွေ့ရသည်။
Ref : The Straits Time , Channel News Asia
The Ladies News
No comments:
Post a Comment