Posted: December 1, 2016
ဖားကန့်ဒေသတွင် နယ်မြေတည်ငြိမ်မှု မရှိသည့် အနေအထား တွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီအချို့ ညအချိန် မိုင်းခွဲကျောက် တူးဖော်မှုများ ရှိနေကြောင်း လုံးခင်းဒေသခံ ဦးနောင်လတ်က ဒီဇင်ဘာ ၁ ရက်တွင် The Ladies သို့ ပြောသည်။
ကျောက်မျက်ကုမ္ပဏီများ အနေဖြင့် နေ့အချိန်တွင်သာ မိုင်းခွဲ၍ ကျောက် တူးဖော်ရန် သက်ဆိုင်ရာက ညွှန်ကြားထားပြီး ဖြစ်သော်လည်း အချို့ကုမ္ပဏီများမှာ လိုက်နာခြင်းမရှိဘဲ နေ့တွင်သာမက ညအချိန်များ တွင် မိုင်းခွဲတူးဖော်နေကြောင်း ၎င်းကဆိုသည်။
“ရှမ်းနှစ်သစ်ကူးက ဗျောက်သံလိုလို တစ်ခါတလေကျ ဗျောက်သံနဲ့ရောနေ တယ်။ အဲ့ဒီလိုဖြစ်နေတာ ခွဲတော့ခွဲနေတယ်။ အခုအချိန်ကတော့ ဖြစ်လေ့ဖြစ် ထပဲလေ။ နိုင်ငံရေးကလည်း မတည်မငြိမ်ဆိုတော့ လမ်းကြိုလမ်းကြား ကလည်း တစ်ခါတလေ တိုက်ပွဲတွေ ဖြစ်နေတော့ မိုင်းခွဲတာ က အောက်မှော်မှာတော့ ပိုအဖြစ်များတယ်။ ပြီးရင် လမ်းတစ်ကြောပေါ့ လမ်းတစ်ကြောမှာ ပိုအဖြစ်များတယ်” ဟု ဦးနောင်လတ်က ပြောသည်။
ကျောက်တူးဖော်ရေး လုပ်ငန်းများအတွက် မိုင်းခွဲရန် အချိန်အား ပြီးခဲ့သည့်နှစ်ကပင် သက်ဆိုင်ရာက သတ်မှတ်ထားခဲ့ပြီး နံနက် ၆ နာရီမှ ၇ နာရီအတွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ် ညနေ ၄ နာရီမှ ၅ နာရီ အတွင်း တစ်ကြိမ် စုစုပေါင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် နေ့ အချိန်တွင်သာ ကျောက်မိုင်းခွဲရန် ညွှန်ကြားထားကြောင်း သိရသည်။
“သဘောတူထားချက်ထဲမှာလည်း မိုင်းခွဲတဲ့ အချိန်ကျရင် ရွာနဲ့နီးတဲ့ နေရာတွေ မခွဲဖို့ မြေစာဆိုရင်လည်း လူသွားလမ်း သီးသန့် မြေစာသယ်ကား သီးသန့် လုပ်ပေးဖို့ ပြောထားတယ်။ တစ်ခါတလေ ကျွန်တော်တို့ လစ်လျူရှုမိရင် သူတို့ စည်းကမ်း ဖောက်ဖျက်တာမျိုးတွေ ရှိတာပေါ့။ သစ်ပင်စိုက်ပျိုးရေးတွေ ဒိုင်းနမိုက် ဖောက်ခွဲတာတွေ ပြီးရင် ကျောက်ခဲတွေ လွင့်စင်ပြီး အိမ်တွေပေါ် ကျရင် နစ်နာကြေး ဘယ်လိုပေးရမယ်ဆိုတဲ့ အချက်တွေ အများကြီး ပါ ပါတယ်” ဟု ဦးနောင်လတ်က ဆက်လက်ပြောကြားသည်။
ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအများစုမှာ ဥပဒေများ၊ ညွှန်ကြားချက်များ အား လိုက်နာမှုအားနည်း နေဆဲဖြစ်ပြီး ဖားကန့်ဒေသအတွင်း ကျောက်စိမ်း တူးဖော် ထုတ်လုပ်မှုမှာလည်း ယခင်ကကဲ့သို့ပင် ပွင့်လင်း မြင်သာမှု မရှိသေးကြောင်း၊ ဖားကန့်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်များက ဝေဖန်ပြော ကြားထားမှု များလည်း ရှိသည်။
ဇော်မင်းထွန်း
Photo - Hpakant News
(ကျောက်စိမ်းလုပ်ကွက်တစ်ခုအား တွေ့ရစဉ်)
The Ladies News
No comments:
Post a Comment