Getty
ပါပူအာနယူးဂီနီနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတွင် ထားရှိသော ခိုလှုံခွင့်တောင်းခံသူတစ်ဦး နာမကျန်းဖြစ်၍ သေဆုံးသွားပြီးနောက် ယင်းစခန်းရှိ ခိုလှုံခွင့် တောင်းခံသူများက အဆောက်အအုံနှစ်ခုကို ခေတ္တထိန်းချုပ်ကာ အစောင့်များကို နှင်ထုတ်ပစ်ခဲ့ကြသည်ဟု ပါပူအာနယူးဂီနီရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောကြားသည်။
မာနွတ်စ်ကျွန်းဒေသဆိုင်ရာ ထိန်းသိမ်းရေးစခန်းမှ အစောင့်များအား ယင်းစခန်းတွင် နေထိုင်သူများက စနေနေ့ညက နှင်ထုတ်ခဲ့ကြသည်ဟု မာနွတ်စ်ကျွန်းပေါ်ရှိ လောရန်ဂူးရဲစခန်းမှ တပ်ကြပ်ကြီး
သောမတ်စ်လီလီပိုက ပြောကြားသည်။
ထိန်းသိမ်းရေးစခန်းတွင် နေထိုင်သူတစ်ဦး သေဆုံးခြင်းနှင့် ပတ်သက်၍ မငြိမ်မသက် ဖြစ်ပွားခဲ့သော်လည်း ပြန်လည်၍ ထိန်းသိမ်းထားနိုင်ပြီဟု ၎င်းက ပြောကြားသည်။
ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူများက ဖေဆဲလ်အီဆက်အာမက်ဆိုသူဟု ပြောသော အသက် (၂၇) နှစ်အရွယ် ဆူဒန် နိုင်ငံသားတစ်ဦး ယင်းစခန်းတွင် လဲကျသွား၍ ပြီးခဲ့သည့် သီတင်းပတ်က သြစတြေးလျနိုင်ငံရှိ
ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရသည်။
၎င်းသည် စနေနေ့က သေဆုံးသွားခဲ့ကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေးဌာနက ပြောသည်။
ယင်းအမျိုးသား သေဆုံးမှုအား သြစတြေးလျအာဏာပိုင်များက သံသယဖြစ်ဖွယ် သေဆုံးမှုဟု သဘောမထားခဲ့ကြသော်လည်း ၎င်းနာမကျန်းဖြစ်နေသည်မှာ လနှင့်ချီနေပြီဖြစ်ကာ ဆေးရုံသို့ အရေးပေါ်မပို့ဆောင်မီ
ဆေးဝါးကုသမှု ခံယူရေး အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ဟု ထိန်းသိမ်းခံထားရသူများနှင့် ဒုက္ခသည်အခွင့်အရေးအဖွဲ့များက ပြောသည်။
သြစတြေးလျနိုင်ငံ၏ တင်းကျပ်သော နယ်စပ်လုံခြုံရေးမူဝါဒအရ သြစတြေးလျနိုင်ငံသို့ လှေများဖြင့် လာရောက်ရန် ကြိုးစားရင်း လမ်းတွင် ဖမ်းမိသူများအား တောင်ပစိဖိတ်ရှိ ပါပူအာနယူးဂီနီ နိုင်ငံ၏ မာနွတ်စ်ကျွန်း (သို့မဟုတ်) နော်ရူးကျွန်းများပေါ်ရှိ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်နေသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် သြစတြေးလျတွင် ပြန်လည်အခြေချခွင့် လုံးဝရရှိတော့မည် မဟုတ်ပေ။
မာနွတ်စ်ကျွန်းတွင် စနေညက ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
—Ref: Reuters
7day
No comments:
Post a Comment