Wednesday, December 14, 2016

ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနအသီးသီးမှ ဘတ်ဂျတ်အချို့ လျှော့ချထားသော်လည်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အတည်ပြုရာတွင် ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနအသီးသီးမှ ဘတ်ဂျတ်အချို့ လျှော့ချထားသော်လည်း ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ကြောင်း အစည်းအဝေး တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

 

ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြတောင်းခံသည့် ဖြည့်စွက်တောင်းခံငွေများ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အသီးသီးမှ တောင်းခံထားသည့် ဘတ်ဂျတ်များထဲမှ ထောက်ပံ့ငွေများ၊ ငွေလုံးငွေရင်းများ၊ သာမန်သုံးငွေများ ဖြတ်တော်ပြီး ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ထားကြောင်း သိရသည်။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် အစိုးရအဖွဲ့က ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလီယံ တင်ပြတောင်းခံခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာပါ ၁၅ ဒသမ ၇၇၆ ဘီလီယံ ဖြတ်တောက်ခွင့်ပြုရန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကျပ် ၅၄၆၆၈ ဒသမ ၉၁၀ သန်း (ကျပ် ၅၄ ဒသမ ၆၆၉ ဘီလီယံ) လျှော့ချ၍ တင်ပြခဲ့မှုတို့အတိုင်း ပြည်ထောင်စု လွှတ်တော်က ကျပ် ၇၀ ဒသမ ၄၄၅ ဘီလီယံကို လျှော့ချအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စုစုပေါင်း အစိုးရဘတ်ဂျက်၏ ၁၄ ရာခိုင်နှုန်းကျော် ရရှိထားသည့်အပြင် ယခုထပ်မံ တောင်းခံသည့် ဖြည့်စွက်ဘဏ္ဍာငွေ ငွေကျပ် ဘီလီယံ တစ်ရာကျော် ခွင့်ပြုထားသည်။ ဝန်ကြီးဌာန အားလုံးက ထပ်မံ တောင်းခံခဲ့သည့် ဖြည့်စွက် ဘဏ္ဍာငွေ ကျပ်ငွေ ဘီလီယံပေါင်း ၁၃ဝဝ ကျော် ရှိခဲ့သော်လည်း လွှတ်တော်က အားလုံးကိုခွင့်မပြုပဲ ဘီလီယံ ၆ဝ ကျော် ဖြတ်တောက်ပြီးမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရခြင်းနှင့် ပတ်သက်ပြီး စစ်သည်များ၏ လစာရိက္ခာ၊ စစ်တပ်ပိုင် စီးပွားရေး ဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အောက်ရှိ စက်ရုံများ၏ လည်ပတ်မှုစရိတ် အပါအဝင် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် အသုံးစရိတ် လိုအပ်သည့်အတွက် စစ်တပ်က တောင်းခံသည့် ဖြည့်စွက်ဘဏ္ဍာငွေကို ခွင့်ပြုရတာ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအောင်မင်းက ပြောကြောင်း မီဒီယာအချို့တွင် ဖော်ပြထားသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်ပြတောင်းခံသည့် ဖြည့်စွက် တောင်းခံငွေများအနက်မှ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအတွက် ထောက်ပံ့ငွေမှ ကျပ် ၁၅၉၄ ဒသမ ၈၄၈ သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအတွက် သာမန်သုံးငွေမှ ကျပ်သန်း ၁၀၀၀၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနအတွက် သာမန်သုံးငွေမှ ကျပ် ၂၁ ဒသမ ၀၈၄ သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနအတွက် ငွေလုံးငွေရင်း သုံးငွေမှကျပ် ၁၉ ဒသမ ၉၂၉ သန်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနအတွက် ထောက်ပံ့ငွေမှ ကျပ် ၅၉၂ ဒသမ ၅ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် သာမန်သုံးငွေမှ ကျပ်သန်း ၄၀၊ ငွေလုံးငွေရင်း သုံးငွေမှ ကျပ် ၃၅ သန်း၊ ပညာရေးဝန်ကြီးဌာန အတွက် ငွေလုံးငွေရင်းသုံးငွေမှ ကျပ် ၂၄၆ ဒသမ ၉၅၄ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး (နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ) ဘဏ္ဍာရန်ပုံငွေအတွက် ငွေလုံးငွေရင်းမှ ကျပ် ၅၆၁ ဒသမ ၉၈၂ သန်း ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနအတွက် သာမန်သုံးငွေမှ ကျပ်၂၆၁ ဒသမ ၀၃၃ သန်း ၊ ငွေလုံးငွေရင်းမှ ကျပ်သန်း၂၃၀၀၊ စက်မှုဝန်ကြီးဌာနအတွက် သာမန်သုံးငွေမှ ကျပ် ၂၄ ဒသမ ၉၇၅ သန်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအတွက် ငွေလုံးငွေရင်းသုံးငွေမှ ကျပ် ၉၀၇၈ ဒသမ ၁၈၄ သန်း အသီးသီး ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

 

ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပြည်သူ့ဘဏ္ဍာငွေ များထဲမှ သုံးစွဲခဲ့သည့် အသုံးစရိတ်ကိုကြည့်လျှင် ဘတ်ဂျက် စုစုပေါင်း၏ ၈ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

 

စိုင်းဟန်

The Ladies News

No comments: