Friday, December 2, 2016

မော်ဒယ်နှစ်အလိုက် သတ်မှတ်ချက် ထွက်ရှိလာပြီး နောက်ပိုင်း ကားဈေးနှုန်း များနှင့် စလစ်ဈေးများ မြင့်တက်


Posted: December 1, 2016

မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် ၂၀၁၇ ခုနှစ်အတွက် Model Year နှစ် အလိုက် မော်ဒယ် သတ်မှတ်ချက် ထွက်ရှိလာပြီး နောက်ပိုင်း လူစီးများသော ကားဈေးနှုန်းများ မြင့်တက်လာပြီး၊ စလစ်ဈေးနှုန်းများလည်း နှစ်ရက်အတွင်း ၁၀ သိန်းကျော်ခန့် မြင့်တက်သွားကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းဝယ်နေသည့် လုပ်ငန်းရှင်များက ပြောသည်။

 

မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ဖြင့် ၂၀၁၇ ခုနှစ် အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်း တွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အတည်ပြုထုတ်ပြန် လိုက်သည့် နောက် တွင် မော်တော်ကား ဈေးနှုန်းနှင့် စလစ်ဈေးနှုန်းများ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

 

“ကားဈေးတွေက အကုန်တက်သွားတယ်။ စလစ်ဈေးကလည်း တက်သွား တယ်။ နှစ်ရက်အတွင်းမှာ ဆယ်သိန်းကျော်လောက် တက်သွားတယ်။ ဘယ်လောက်အထိ ထပ်တက်ဦးမလဲတော့ မပြောတက် သေးဘူး။ အခုလောလောဆယ်တော့ ဈေးတွေ တက်နေတုန်းပဲ” ဟု တစ်ပိုင်တစ်နိုင် ကားအရောင်းအ၀ယ် ပြုလုပ်နေသည့် ကိုဇေယျာထွန်းက The Ladies သို့ ပြောသည်။

 

တစ်နိုင်တစ်ပိုင် အရောင်းအ၀ယ် ပြုလုပ်သူဖြစ်စေ၊ ကားအရောင်းစင်တာ ပိုင်ရှင်ဖြစ်စေ ကားတင်သွင်းသည့် သူသည် ကားဈေးတက်သည်ကို မလိုလားကြောင်း ၊ ကားဈေး တက်၍လည်း ရောင်းသည့်သူ ပိုအမြတ်မရကြောင်း၊ သက်ဆိုင်ရာ စည်းကြပ်ခွန် ဂျပန်ဝယ်ရင်းဈေးများ ပိုများပြားလာခြင်းကြောင့် ကားဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

 

မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ်အပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီ နှင့်အောက် လူစီးယာဉ်များ ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း (၂၀၁၅ မှ ၂၀၁၇ ခုနှစ် ဘယ်မောင်း တင်သွင်းရန်)၊ ကုန်တင်ယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင် ယာဉ်များ ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရမည်ဟု ဖော်ပြထားသည်။

 

လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ်တွင် လူစီး မော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအ၀င်) ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင် ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် ဖော်ပြထားသည်။

 

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှု အပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံး ယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၀၁ မှ ၂၀၁၇ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင် ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင် ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည်ဖြစ်သည်။ အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှု အနေဖြင့် လူစီးမော်တင်ယာဉ်များ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်/ ခရီးသည်တင်ယာဉ်/ ကုန်တင်ယာဉ်/ ယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းရန် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: