Tuesday, November 1, 2016

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းထက်စာလျှင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိစေရန် လုပ်ဆောင်ခြင်းကို ပိုမိုအာရုံစိုက်သင့်ကြောင်း UPDJC တာဝန်ရှိသူ ပြောကြား

အစိုးရနှင့်တကွ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းထက်စာလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိလာစေရန် လုပ်ဆောင်ခြင်းကို ပိုမိုအာရုံစိုက်သင့်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသောနေရာ၊ အဆင်သင့်ဖြစ်နေသည့် နယ်မြေများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဦးစိုင်းကျော်ညွန့်က “အခုလောလောဆယ်ကတော့ အစမ်းလုပ်ကြည့်မယ့်ပုံစံတောင် နည်းနည်းဖြစ်နေတယ်။ တည်ပြီးမှသာလျှင် လိုအပ်တဲ့ TOR တွေ ဘာတွေ ပြင်ဆင်တာတို့ ဘာတို့ပေါ့လေ။ အဲဒီတော့ တကယ်တမ်း ကျွန်တော့်မှတ်ချက်ကို ပြောရမယ်ဆိုရင် ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဟိုနေရာကျင်းပမယ် ဒီနေရာမကျင်းပဘူး ဒါတွေထက်စာရင် အစိုးရအနေနဲ့ရော ကျန်တဲ့ ဒီမှာပါဝင်တဲ့သူတွေ အားလုံးအနေနဲ့ရော ပိုပြီးတော့ အာရုံစိုက်သင့်တာက လက်မှတ်မထိုးရသေးတဲ့ UNFC နဲ့ အခြားသော အဖွဲ့အစည်းများကို လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ရောက်လာအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်လေ။ အစိုးရအနေနဲ့ UNFC ကို အမြန်ဆုံးခေါ်ယူတွေ့၊ ခဏခဏတွေ့ပြီးရင် အပေးအယူဆိုတော့ရှိကြမှာပဲ။ အလျှော့အတင်းဆိုတာတော့ ရှိကြမှာပဲလေ။အဆင်ပြေအောင် ညှိနှိုင်းနိုင်မယ်ဆိုရင် အခုဖြစ်နေတဲ့ ဟိုနေရာမလုပ်ရ ဒီနေရာမလုပ်ရ ဆိုတဲ့ဟာတွေက အဲဒါပြီးသွားမယ်လို့ မြင်တယ်” ဟု ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမကျင်းပမီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးစွာကျင်းပရမည်ဖြစ်ကာ ယခင်အစိုးရနှင့် လက်ရှိအစိုးရ လက်ထက်တွင် ညီလာခံတစ်ကြိမ်စီ ပြုလုပ်ပြီးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများကိုမူ ကျင်းပခြင်းမပြုနိုင်သေးပေ။

“အမှန်အတိုင်းပြောရရင် အစိုးရဘက်မှာလည်း ဒါ NCA အတိုင်းသွားတယ်လို့ ပြောတယ်။ NCA ထဲမှာ NCA ရဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကလည်း NCA လက်မှတ်ရေးထိုးမှသာ ရမယ်ဆိုတဲ့ အစိုးရဘက်က အဲဒီလိုရပ်တည်တာ။ အစိုးရနဲ့ တပ်မတော်က လက်မှတ်ရေးထိုးထားတဲ့ နေရာတွေမှာပဲ ကျင်းပရမယ်ဆိုတဲ့ ပုံစံဖြစ်တယ်။ ကျွန်တော်တို့ TOR ရေးဆွဲတဲ့သူတွေ အနေနဲ့ကတော့ ကျွန်တော်တို့မှာ TOR ထဲမှာတော့ ဘာမှ ကန့်သတ်ချက်မရှိဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပဲ။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းပေါ်မှာ ဟိုဘက်ဒီဘက်ကနေပြီးတော့ ဒီနေရာကတော့ ကျင်းပလို့မသင့်တော်သေးဘူး။ NCA မထိုးသေးတဲ့ နယ်မြေဒေသမှာ ကျင်းပဖို့မသင့်သေးဘူး။ ဘာညာပေါ့။ အဲဒီလို ဒါကတော့ ဟိုဘက်ဒီဘက်ကတော့ အငြင်းပွားမှုတော့ ရှိတာပေါ့” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်နိုင်ရေးကို ဆက်လက် ကြိုးပမ်းမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောကြားထားသည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် မိုင်းလားအဖွဲ့များသည် ၂၀၁၆ ခုနှစ်အတွင်းပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်းများ ရှိခဲ့သည်။

ထပ်မံကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ မတိုင်မီတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် စသည့်ပုံသဏ္ဌာန်သုံး မျိုးဖြင့် ကျင်းပရန်စီစဉ်ထားကာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင် သ ဘာဝသယံဇာတ ကဏ္ဍတို့နှင့် ဆက်စပ်သည့် ခေါင်းစဉ်ခွဲများကို အဆိုပါဆွေးနွေးပွဲသုံးရပ်တွင် ခွဲဝေဆွေး နွေးမည်ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရာ၌ အချိန်ကာလအားဖြင့် သတ်မှတ်ထားခြင်း မရှိသေးကြောင်းနှင့် ပြီးခဲ့သည့် UPDJC အစည်းအဝေးတွင် အစိုးရဘက်က တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီ ဧရိယာနယ်မြေများတွင် ဦးစွာကျင်းပရန် တင်ပြခဲ့သည်။                                   

Writer: 

ဝီရမိုးနေ

No comments: