Tuesday, November 1, 2016

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရန် KIO/KIA အား ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထောင်ချီ လမ်းလျှောက်ဆန္ဒပြတောင်းဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရေး KIO/KIA အား ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆန္ဒပြတောင်းဆို နေကြစဉ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရန် KIO/KIA ကို ကချင်ပြည်နယ်တွင် ရှမ်းနှင့် ကချင်မျိုးနွယ်စုအချို့ လူထောင်ချီ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှုကို အောက်တိုဘာ ၃၁ ရက်က မြစ်ကြီးနားတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားအများစု ပါဝင်ခဲ့ပြီး ကချင်မျိုးနွယ်စုဝင်များဖြစ်သည့် လာချိဒ်၊ လီဆူ၊ ရ၀မ်တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ် မြစ်ရိုးဒေသနှင့် သံလမ်းရိုးဒေသရှိ ရှမ်းဗုဒ္ဓဘာသာဝင်များ အဓိက အလေးအမြတ်ထားသည့် ၀န်းသိုကျောင်းတိုက် နာယက ဆရာတော်ဘုရားကြီး၏ ၉၁ နှစ်ပြည့် မွေးနေ့ပွဲနှင့် တိုက်ဆိုင်စွာ ကျင်းပခဲ့သည်ကိုလည်း တွေ့ရသည်။ ဆန္ဒထုတ်ဖော်ရာတွင် အဓိက ဦးဆောင်ခဲ့သည့် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းထွန်းရင်က "ကျွန်တော်တို့က နှစ်ဖက်အစိုးရဖြစ်တဲ့ တပ်မတော်ကိုရော KIA ကိုရော ပြောချင်တယ်။ အပစ်အခတ် မရပ်စဲဘူးဆိုရင် ကျွန်တော်တို့ ကချင်ပြည်နယ်က မငြိမ်းချမ်းနိုင်ဘူး။ မငြိမ်းချမ်းရင် တိုးတက်ရေးလည်း နှောင့်နှေးမှာပဲ။ အဲဒီကြားထဲမှာ လီဆူ၊ ရ၀မ်၊ ရှမ်းတိုင်းရင်းသားတွေ တိုက်ပွဲတွေကြားမှာ မြေစာပင်တွေ ဖြစ်နေတယ်။ စစ်ပွဲကိုလည်း ရပ်ပေးပါ။ လက်မှတ်လည်း ထိုးကြပါ။ စားပွဲပေါ်မှာ ဆွေးနွေးကြရင် ပိုအဆင်ပြေမယ်။ အခုဆိုရင် KIA ရော၊ တပ်မတော်ရော နှစ်ဖက်စလုံးက သေနေတယ်။ ဒီလိုဖြစ်ကြရင် တပ်သားတွေ လိုတဲ့အတွက် စုဆောင်းရေးတွေ လုပ်မယ်။ ဆက်ကြေးတွေ တိုးကောက်မယ်။ ဒါကို မခံချင်လို့ ဒီပွဲမျိုးကို စီစဉ်ပြီးတော့ ဆန္ဒထုတ်ဖော်တာပါ။ ဆိုင်းတောင်မှာ အသတ်ခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ရှမ်းလူမျိုးတွေ ဖြစ်တယ်လို့ သိထားပါတယ်။ နောက်ပြီး သေနတ်နဲ့ ပစ်သတ်ခံရတာတွေ ရှိခဲ့ပါတယ်။ အခုဆန္ဒ ဖော်ထုတ်ရတာတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း စာပေးပို့သွားမှာပါ။ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးစေချင်တာနဲ့ ပတ်သက်ပြီး KIO/KIA ကို တိုက်ရိုက်တောင်းဆို အကြောင်းကြားတာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ ဒီနေ့ ဦးတည်တာက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးဖို့နဲ့ နှစ်ဖက်စလုံး စစ်ပွဲတွေကို ရပ်စဲပေးဖို့ပါ" ဟု ပြောကြားသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒို့အရေး၊ တရားဥပဒေ စိုးမိုးမှု ရရှိရေး ဒို့အရေး၊ NCA စာချုပ်တွင် လက်မှတ်မထိုးသည့် အဖွဲ့အစည်း အလိုမရှိ၊ လူသတ်၊ ဆက်ကြေးကောက်၊ အနိုင်ကျင့်သည့် အဖွဲ့အစည်း အလိုမရှိ၊ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု အောင်ရမည် စသည့် ကြွေးကြော်သံများ ပြုလုပ်ခဲ့ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ကေအိုင်အေတို့ကို လူ့အခွင့်အရေး ချိုးဖောက်သည့် စွပ်စွဲချက်များပါသည့် ဗီနိုင်းများကို ကိုင်ဆောင်ခြင်း၊ အသတ်ခံရသူများ၊ မိုင်းမိသေဆုံးသူများ၏ ဓာတ်ပုံများကိုလည်း ကိုင်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ အလေးအမြတ်ပြုသည့် သက်တော်ရှည် ၀န်းသိုဆရာတော် ဘုရားကြီး ၉၁ နှစ်ပြည့် မွေးနေ့ပွဲသို့ ရှမ်းတိုင်းရင်းသားများ သောင်းနှင့်ချီ တက်ရောက်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာတွင် တချို့တစ်ဝက် ပါဝင်လာကြခြင်းဖြစ်သည်။ လီဆူ၊ ရ၀မ်၊ လာချိဒ်စသည့် တိုင်းရင်းသားများလည်း ရာဂဏန်း ပါဝင်ခဲ့သည်ကို တွေ့ရပြီး ယင်းအဖွဲ့ခေါင်းဆောင်များက KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်စေရန် ဆန္ဒရှိကြောင်း ဆိုကြသည်။

ပန်ဝါမြို့ စစ်ဘေးဒုက္ခသည် စခန်းမှ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဦးဖရဲဇုန်းကိက "ကျွန်တော်တို့အဖွဲ့က ပန်ဝါကလာတဲ့လာချိဒ် လူမျိုးတွေပါ။ အရင်က အထူးဒေသ (၁) မှာပါ တဲ့ဖရဲရွာက ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်လာတော့ ပန်ဝါကို ပြေးကြရပါတယ်။ ငါးနှစ်ကာလပတ်လုံး အဆင်လည်း မပြေဘူး။ တကယ်စစ်ဘေးကို ခံကြရတာက အောက်ခြေမှာရှိတဲ့ ပြည်သူလူထုတွေပါ။ မြစ်ကြီးနားက အဖွဲ့တွေ ကအပစ်ရပ်စဲပြီး စစ်ပွဲတွေ ပပျောက်ဖို့ ဆန္ဒထုတ်ဖော်ကြမယ် ဆိုတော့ ကျွန်တော်တို့ ဒေသကလူတွေ စုပေါင်းပြီး မြစ်ကြီးနားကို ခြေလျင်ဆင်းလာတာ ခြောက်ရက်ကြာတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးကြတာကိုလည်း ကြားပါတယ်။ တကယ်ခံစားနေရတဲ့ ကျွန်တော်တို့ ဆန္ဒကိုလည်း အစိုးရတွေ သိစေချင်တာကြောင့် ဆန္ဒထုတ်ဖော်တဲ့အခါ ပါဝင်မယ်ဆိုပြီး ရောက်လာကြတာပါ" ဟု ပြောကြားသည်။

KIO/KIA အဖွဲ့၏ သဘောဆန္ဒကမူ KIO/KIA သည် UNFC အဖွဲ့ဝင်တစ်ခုဖြစ်ကာ ယင်းအဖွဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည့်အတွက် အပစ်အခတ် ရပ်စဲရေး NCA လက်မှတ် ရေးထိုးနိုင်ခြင်း ရှိ၊ မရှိမှာ UNFC ၏ အစည်းအဝေး ဆုံးဖြတ်ချက်သာဖြစ်ကြောင်း KIO/KIA ခေါင်းဆောင်များက ပြောကြားထားသည်။

No comments: