ဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံဆည် စီမံကိန်းအား ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ပြန်လည်စတင်မည်ဟူသော အသံများ ကြားသိနေရသည်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်သူလူထုမှ တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ခဲ့သဖြင့် သမ္မတဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စီမံကိန်းအား အမိန့်ထုတ်ပြန်ရပ်ဆိုင်းခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်မူ စီမံကိန်း ပြန်လည်စတင်သင့်သည်ဟူသော ထောက်ခံသံများလည်း ကြားသိလာရသလို မိုးလေဝသဦးထွန်းလွင်ဦးဆောင်သော မြစ်ဆုံစီမံကိန်းကန့်ကွက်ရေး ကမ်ပိန်းတစ်ခုလည်း ထွက်ပေါ်လာပြန်ရာ စီမံကိန်းအား ဆက်လက်လုပ်ဆောင်သင့်သည်/မသင့်သည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်စေရန် စာရေးသူသိသမျှ တင်ပြလိုက်ပါသည်။
စီမံကိန်း ဖြစ်တည်လာပုံ
မြစ်ဆုံဆည် စီမံကိန်းသည် ၂၀၀၆ ခုနှစ်၌ နအဖအစိုးရထိပ်တန်းအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တရုတ်သို့သွားရောက်၍ ရေအားလျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီတောင်းခံခဲ့ရာမှ စတင်အခြေတည်ခဲ့သည်။
၂၀၀၉ ခုနှစ် ဇွန်လအတွင်းတွင် ထိုစဉ်က တရုတ်ဒုတိယသမ္မတဖြစ်သော ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နအဖအစိုးရအဖွဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်သို့သွားရောက်ခဲ့ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ခရီးစဉ်အတွင်း လိုက်ပါလာသော တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်နှင့် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China Power Investment Corporation [ယခု တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China’s State Power Investment Corporation (SPIC) ၏ ကုမ္ပဏီခွဲ] ဥက္ကဋ္ဌ မစ္စတာ Lu Qizhou တို့ မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သောသဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တည်ဆောက်မည့်ပုံစံ
မြစ်ဆုံဒေသ၌ ရေအားလျှပ်စစ်ထုတ်လုပ်ရေးရေကာတာ ၇ ခု တည်ဆောက်ရန်ဖြစ်သည်။ အဓိကရေကာတာကို ဧရာဝတီမြစ်ဆုံ၌ တည်ဆောက်ပြီး မလိခဖြစ်ပေါ်တွင် တစ်ခု၊ မေခမြစ်ပေါ်တွင် ခြောက်ခု တည်ဆောက်မည်ဖြစ်သည်။ ယင်း ၇ ခု တွင် မြစ်ဆုံဆည်မှာ အကြီးဆုံးဖြစ်ပြီး မြစ်ကြီးနားမြို့ အထက်ဖက် ၂၅ မိုင်ခန့်၊ တန်ဖဲ ကျေးရွာအောက် သုံးမိုင်ခန့် အကွာ၌ တည်ဆောက်မည်ဖြစ်သည်။ မြစ်ဆုံဆည်သည် ပေ ၅၀၀ အမြင့်ရှိ ကျောက်-ကွန်ကရစ် ရေကာတာ အမျိုးအစား ဖြစ်သည်။ ဆည် ၇ ခုမှ လျှပ်စစ်စွမ်းအင်စုစုပေါင်း ၂၁၆၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဖြစ်ကာ ယင်းမှာ မြန်မာနိုင်ငံ၌ လက်ရှိထုတ်လုပ်သုံးစွဲနေသော လျှပ်စစ်စွမ်းအား ၅၂၀၀ မီဂါဝတ်၏ ၄ ဆ ကျော်ကျော် ဖြစ်သည်။
စာချုပ်ပါအချက်အလက်
ကနဦးသဘောတူညီမှုများအရ SPIC မှ စီမံကိန်း၏ ၈၀ ရာနှုန်းပိုင်ဆိုင်ပြီး အစိုးရမှ ၁၅ ရာနှုန်း ပိုင်ဆိုင်သည်။ ကျန် ၅ ရာနှုန်းကို အေးရှားဝေါလ် Asia World မှ ပိုင်ဆိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား ၁၀ ရာနှုန်းကို အခကြေးငွေပေးစရာမလိုဘဲ ရရှိမည်ဖြစ်ပြီး ကျန်သည်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။ သို့သော် မြန်မာအနေဖြင့် ကျန်လျှပ်စစ်စွမ်းအား ၂၀ ရာနှုန်းကို ဝယ်ယူခွင့်ရှိပြီး တရုတ်နိုင်ငံမှလည်း လျှပ်စစ်စွမ်းအားကို အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချရန် စီစဉ်ထားမှုရှိသည်။
မြစ်ဆုံဆည်ကြောင့် ရရှိနိုင်သည့် ကောင်းကျိုးများ
မြစ်ဆုံဆည်ပြီးစီး၍ ရေအားလျှပ်စစ် ထုတ်ယူပြီးစီးပါက တစ်နှစ်လျှင် သန်း ၅၀၀ ခန့် အခွန်ငွေရရှိမည်။ မြစ်ဆုံစီမံကိန်းကာလအတွင်း ဒေသခံ ၄၀၀၀၀ ခန့်အား အလုပ်အကိုင် ပေးနိုင်မည်။ မြစ်ဆုံဆည်စီမံကိန်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သော ပမာဏ ၂၁၆၀၀ မီဂါဝပ်၏ ၁၀ ရာခိုင်နှုန်း ၂၁၆၀ မီဂါဝပ်ကို အခကြေးငွေ ပေးစရာမလိုဘဲ ရရှိနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု ပြည့်စုံလုံလောက်သွားမည်။ ယင်းမှသည် အခြေခံအဆောက်အဦးများ ဆောက်လုပ်မှုအတွက် ကြီးစွာ အထောက်အကူပြုမည်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း လာရောက်ကြမည်ဖြစ်သည်။ စီမံကိန်းပြီးစီးပြီး ၃ နှစ်အတွင်း မြန်မာ့လူမှုစီးပွားတိုးတက်မှု တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်သည်။
မြစ်ဆုံဆည်ကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများ
မြစ်ဆုံဆည်၏ ရေလွှမ်းဧရိယာမှာ ဟက်တာ ၄၈၀၀ ခန့် ရှိပြီး ကျေးရွာ ၄၉ ရွာ နှင့် လူ ၁၈၀၀၀ ခန့် ရေနစ်မြုပ်မည့်ဘေးနှင့် ရင်ဆိုင်ကြရမည်။ ဒေသတွင်း သစ်တောများ ရေလွှမ်းမိုးခံရခြင်း၊ ငါးအထွက်လျော့ကျခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ဆုံးသွားနိုင်ခြင်း၊ ဧရာဝတီမြစ်အား ပိတ်ဆို့လိုက်ခြင်းကြောင့် မြစ်အောက်ပိုင်း ဂေဟစနစ်များ ပျက်စီးသွားနိုင်ခြင်း၊ ရေစီးရေလာပျက်စီးခြင်းစသော သဘာဝပတ်ဝန်းကျင်အခြေအနေများ ပျက်စီးသွားနိုင်ခြင်း အစရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှု ဆိုးကျိုးများရှိသည်။ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဧရာဝတီမြစ်ကောပြီး မြန်မာပြည်တစ်ပြည်လုံး၏ ဆန်စပါး ၆၀ ရာခိုင်နှုန်းထက်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်သည်ပင် ထိခိုက်ပျက်စီးမှုများစွာ ကြုံတွေ့ရကာ မြန်မာ့ဆန်စပါးအထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်ဖွယ်ရှိသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ရှိ မြို့ပေါင်း ၂၁၅ မြို့၊ ကျေးရွာပေါင်း ၁၉၄၄၃ ရွာ၊ လူဦးရေ ၂၄ သန်း၏ အသက်ရှင်ရပ်တည်မှုကို ထိခိုက်မှုကြီးစွာ ဖြစ်စေမည်ဖြစ်သည်။
ငလျင်
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် ကြောက်စရာအကောင်းဆုံးအန္တရာယ်မှာ ငလျင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ငလျင်ကြောကြီးတစ်ခုနှင့် မြစ်ဆုံဆည်တည်နေရာမှာ ကီလိုမီတာ ၁၀၀ မျှသာဝေးသည်။ အကယ်၍ ငလျင်လှုပ်ခတ်ပြီး ဆည်ပြိုကျခဲ့လျှင် ဆည်အောက်ဖက်ရှိ လူဦးရေး ၁၅၀,၀၀၀ ရှိ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ စက္ကန့်ပိုင်းအတွင်း ရေလွှမ်းမိုးပျက်စီးသွားမည်ဖြစ်သည်။
မြစ်ဆုံစီမံကိန်းသည် ကမ္ဘာ့အကြီးဆုံး ငလျင်ကြောနှင့် နီးကပ်လှစွာ တည်ရှိသဖြင့် ငလျင်သည် မြစ်ဆုံစီမံကိန်းအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်သည်။ လာမည့် ၂၀၃၀ မတိုင်မီ မြစ်ဆုံအနီးတစ်ဝိုက်တွင် အင်အားကြီးမားသည့် ငလျင်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ငလျင်ပညာရှင်များ၏ သုံးသပ်ချက်များရှိသည်။ ထို့ပြင် မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၌ အင်အားရစ်ခ်ျတာစကေး ၉ မဂ္ဂနီကျုရှိ ကြီးမားသောငလျင်ကြီးများ လှုပ်ခတ်နိုင်ကြောင်း GPS စနစ်ကိုသုံး၍ ခန့်မှန်းထားချက်များလည်းရှိသည်။
အေဒီ ၁၁၂၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကြားကလရှိ မြေငလျင်မှတ်တမ်းများအား သုတေသနပြုခြင်းများ၊ သိပ္ပံနည်းပညာဆိုင်ရာ စာရင်းအင်းတွက်ချက်ခြင်းများအရ မြစ်ဆုံဆည်အထိ အနီးဆုံးလှုပ်ရှားမှုရှိသောအက်ကြောင်းသည် ၇၇ ကီလိုမီတာ ရှိသည်။ SPIC (ယခင် CPI) မှ ဆောက်လုပ်မည့် မြစ်ဆုံဆည်၏ မြေငလျင်ဒဏ်ခံနိုင်စွမ်းအားသည် ၇ ဒီဂရီမျှသာရှိပြီး အကယ်၍ ၇.၅ မဂ္ဂနီကျုရှိ မြေငလျင်ကြီးလှုပ်လျှင်ပင် ဆည်ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ လူ သန်းပေါင်းများစွာမှာ အဆိုးဝါးဆုံးသော သဘာဝကပ်ဆိုးတစ်ခုကို ကြုံတွေ့ကြရနိုင်သည်။
သုံးသပ်ချက်
မြစ်ဆုံဆည်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် စီးပွားရေးရှုထောင့်မှကြည့်လျှင် အကျိုးအမြတ်များလှသည်ဟု ဆိုနိုင်ဖွယ်ရာရှိသော်လည်း မြန်မာနိုင်ငံ၏ရေရှည်အကျိုး၊ သဘာဝပတ်ဝန်းကျသ်ဆိုင်ရာ ဆိုးကျိုးများ၊ ကြီးမားသော သဘာဝဘေးဖြစ်နိုင်သည့် မြေငလျင် အန္တရာယ်စသည်တို့ကိုလည်း ထည့်တွက်စဉ်းစားရပေမည်။ မြန်မာနိုင်ငံသားများ တန်ဖိုးထားလှသည့် မြစ်ဆုံ၊ ရာဇဝင်များ၏ သတို့သမီး ဧရာဝတီကောတော့မည့်အရေးများကိုလည်း မိမိတို့ ထည့်သွင်းစဉ်းစားရပေမည်။ Apply value တစ်ခုတည်းကို ကွက်မကြည့်ဘဲ မြန်မာနိုင်ငံတစ်ခုလုံးအတွက်ခြုံငုံပြီး Cutural value ကိုပါ ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုချင်ပါသည်။ စာရေးသူတစ်ဦးတည်း၏ အမြင်အရ ရေတိုအားဖြင့် မြန်မာ့စီးပွားရေးတိုးတက်လာမည့်အချက်တစ်ခုတည်းကို မကြည့်ဘဲ မြန်မာပြည်သူပြည်သားတို့ အသက်အိုးအိမ်စည်းစိမ်၊ တန်ဖိုးထားရပါသော ယဉ်ကျေးမှုအမွေအနှစ် နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမည့်အရေးတို့ကို ရေရှည်တွေးကာ မြစ်ဆုံဆည်စီမံကိန်းကို မြန်နိုင်သမျှမြန်မြန် အပြီးတိုင်ဖျက်သိမ်းသင့်လှပေသည်ဟု ရေးသားလိုက်ရပေသည်။
No comments:
Post a Comment