06-Nov-2016 tagged as
ကျိုင်းတုံ၊ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ မြို့နယ် ဂီတ အစည်းအရုံးနှင့် လူငယ်ကွန်ရက်တို့ ပူးပေါင်း ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံး အလှပြိုင်ပွဲ အပါအဝင် ကိုယ်ကာယ ကြံ့ခိုင်ရေးမောင်နှင့် အလှမယ်ပြိုင်ပွဲများ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော် ကျင်းပရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။
“မီးပုံးပျံပြိုင်ပွဲတွေ မလုပ်နိုင်လို့ ရိုးရာမီးပုံး အလှလေးတွေ ထွန်းညှိပြီး ပြိုင်ပွဲ ကျင်းပမယ်။ လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အားကစားကို စိတ်ဝင်စားလာဖို့အတွက် ကိုယ်ကာယ ကြံ့ခိုင်ရေး မောင်နဲ့ အလှမယ်ပြိုင်ပွဲကိုလည်း ကျင်းပတာပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ပွဲတော်ရက်အတွင်း ယင်းပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် မြို့ခံစီးပွားရေး လုပ်ငန်းရှင်ကြီးများထံမှ ရန်ပုံငွေအချို့ ရရှိထားပြီးဖြစ်ကြောင်း၊ ပွဲတော်ရက်အတွင်း ရရှိသည့် ဆိုင်ခန်း ငှားရမ်းခနှင့် ဆိုင်ကယ် အပ်နှံခငွေများကို ကျိုင်းတုံ လူငယ်စင်တာ ထူရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း ဦးဟန်သင်းက ထပ်မံ ရှင်းပြသည်။
“လူငယ်ကွန်ရက်လေးကလည်း ဖွဲ့ထားပြီဆိုတော့ လူငယ်တွေ စုပေါင်း တွေ့ဆုံတာတွေ အသိပညာပေး သင်တန်း စတာတွေ လုပ်ဖို့ နေရာလေး တစ်ခု လိုလာပြီ။ ပွဲတော်ရက် အတွင်းမှာ အမှိုက် စနစ်တကျ စွန့်ပစ်ဖို့ အမှိုက်ကောက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ရှိတဲ့အပြင် မူးယစ်ဆေး ဖြတ်ဖို့ အခြား အသိပညာ ပေးတာတွေ လုပ်ဖို့ရှိပါတယ်”ဟု ကျိုင်းတုံ လူငယ်ကွန်ရက်မှ ဒေါက်တာ စိုင်းထွန်းလင်းက ပြောကြားသည်။
ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် မြို့မ အားကစားကွင်းကြီးတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ တန်ဆောင်တိုင် ပွဲတော်ကြီး ကျင်းပမည်ဖြစ်ရာ မီးပုံးအလှပြပွဲ၊ ရှမ်းချယ်ရီ ကိုယ်ကာယ ကြံ့ခိုင်ရေးမောင်၊ ရှမ်းချယ်ရီမယ်နှင့် တေးသံရှင် ရွေးချယ်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ ယင်းအပြင် ရိုးရာ အဝတ်အထည်နှင့် လက်မှုပြခန်းများ၊ စားသုံးသူ အသိပညာပေး ပြခန်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြခန်းမျာလည်း ပြသသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။
No comments:
Post a Comment