ရန်ကုန်၊ အောက်တိုဘာ ၃၁
ရန်ကုန်မြို့တော် အတွင်းရှိ လမ်းမဘေး ကားရပ်နားရာ နေရာများတွင် ဈေးရောင်းချခြင်းကို တွေ့ရှိပါက အရေးယူနိုင်ရန် တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ လမ်းဘေး ကားရပ်နား နေရာများတွင် ဈေးရောင်းချခြင်းများကြောင့် ယာဉ်များ ရပ်နားရန် နေရာ ရှားပါးကာ၊ ယာဉ်ကြော ပိတ်ဆို့မှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ပျံကျဈေးသည်တိုင်းကို လိုက် ရှင်းလင်းနေတာ မဟုတ်ဘူး၊ စည်းကမ်းမဲ့ ရောင်းတဲ့သူတွေကိုပဲ အရေး ယူတာပါ။ နေရာ တော်တော်များများမှာ ပျံကျဈေးသည်တွေကြောင့် မလိုအပ်ဘဲ ကားလမ်း ပိတ်တာမျိုးတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ပျံကျဈေးသည်များကို နီးစပ်ရာ ဈေးများတွင် နေရာ ရောင်းချခွင့်ပြုလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် ပျံကျဈေးသည် ၂ဝဝဝ ကျော်ကို နီးစပ်ရာ ဈေးများတွင် ထပ်မံ နေရာပေးသွားရန် စီစဉ်နေကြောင်း ဈေးများဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယခု၂ဝ၁၆ ခုနှစ်အတွင်း စည်းကမ်းမဲ့ ဈေးရောင်းချသည့် ပျံကျဈေးသည် အရေအတွက် ၁၂ဝဝ ကျော်ကို အရေး ယူနိုင်ရန် တရား စွဲထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ ဌာနထံမှ သိရှိရသည်။
No comments:
Post a Comment