Tuesday, November 1, 2016

ရန်ကုန်ရှိ အားကစားကွင်း ကိုးခု ယခုဘဏ္ဍာနှစ် အဆင့်မြှင့်မည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့ရှိ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သော အားကစားကွင်းများအနက်မှ ကိုးခုကို ယခုဘဏ္ဍာနှစ်တွင် အဆင့် မြှင့်တင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အားကစားကွင်များ ပြင်ဆင်မှုများသည် ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် လုပ်ဆောင်မည့် လုပ်ငန်းဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီကာလမှာ ပြင်ဆင်ရေး လုပ်ငန်းတွေ မစနိုင်သေးပေမယ့် ဒီဘဏ္ဍာနှစ်မှာ အပြီးသတ် လုပ်ဆောင်မှာပါ”ဟု ၎င်းက ဆိုသည်။

ယင်းအားကစားကွင်းများသည် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရှိပြီး ပြင်ဆင်မည့် ပုံစံ အသေးစိတ်နှင့် အသုံးပြုမည့် ဘတ်ဂျက် ပမာဏကို ထပ်မံ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပန်းဥယျာဉ်များကို ပြင်ဆင်ထိန်းသိမ်း နေသောကြောင့် အားကစားကွင်း ပြင်ဆင်မှုများကို စတင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပန်းခြံနှင့် အားကစားကွင်းများကို ဘဏ္ဍာနှစ်အလိုက် ပြင်ဆင်မည့် အရေအတွက် ခွဲခြား သတ်မှတ်ကာ ပြင်ဆင်မည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်ရန် လိုအပ်နေသော ပန်းခြံများကိုလည်း  ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဘဏ္ဍာနှစ် တစ်ခုလျှင် ပန်းခြံအသစ် တစ်ခု ထပ်တိုး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တွင် အခမဲ့ ပန်းခြံပေါင်း ၆ဝ ကျော်နှင့် အားကစားကွင်း ၁ဝဝ ခန့်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနထံမှ သိရှိရသည်။    

No comments: