ရန်ကုန်၊ အောက်တိုဘာ ၃၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်၌ စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါမည် မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၁ရက်နေ့မှ ၅ ရက်နေ့အထိ ငါးရက်ကြာ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါမည် ဆိုသည့်သတင်းမှာ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ခရီးစဉ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါမယ်ဆိုတာ သတင်းမှားဖြစ်ကြောင်းကို ကျွန်တော်တို့ ပြောထားပြီးပြီ။ ဒေါ်စုနဲ့ စီးပွားရေး လုပ်ငန်းရှင် ၃ဝ နဲ့က မဆိုင်ဘူး၊ စီးပွားရေး လုပ်ငန်းရှင်တွေ သွားမှာက ၈ ရက်နေ့ ဂျပန်နိုင်ငံက စီးပွားရေး ဖိုရမ် တစ်ခုကို သွားမှာဖြစ်တယ်၊ အဲ့ဒီကိုယ်စားလှယ် အဖွဲ့ကို စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်မှာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန် ခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်မည် မဟုတ်ဘဲ အစိုးရဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါကလည်း မေလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီရေး အကောင်အထည် ဖော်ရန် နှစ်နိုင်ငံ လက်တွဲ လုပ်ဆောင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမိတ်များအဖြစ် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီခဲ့ကြသည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ် တက်လာခဲ့ပြီး နောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပထမဆုံး ဂျပန်ခရီးစဉ် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၃ ခုနှစ်ကလည်း ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။
No comments:
Post a Comment