မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္တူ (နတလ) နယ်ခြားစောင့် ရဲကင်းစခန်းရှိ စားဖိုဆောင်တွင် မြေကြီးထဲ မြှုပ်ထားသော WY စိတ်ကြွဆေးပြား သုံးသိန်းနီးပါး တွေ့ရှိမှုနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲ ခုနစ်ဦးအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ရဲကင်းစခန်းမှ WY စိတ်ကြွဆေးပြားများကို သတင်းအရ အလယ်သံကျော် နယ်မြေရုံးမှ ရဲတပ်ဖွဲ့မှူးကြီးကိုယ်တိုင် ဇူလိုင်၂၆ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရဲကင်းရှိ ရဲကင်းမှူး ရဲတပ်ကြပ် မောင်မောင်လေးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးသည် ဇူလိုင် ၂၃ ရက် ကတည်းက ရဲကင်းစခန်း၏ သုံးဖာလုံအကွာ မောင်တော- အငူမော် ကားလမ်းဘေးတွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသော ပီနံအိတ် အထုပ်အား တွေ့ရှိ၍ သိမ်းဆည်းထားခဲ့ကြောင်း၊ ဇူလိုင် ၂၄ ရက်တွင် ယင်းအထုပ်ယူလာသော နေရာအနီးသို့ ဗင်ကားတစ်စီးဖြင့် လူငါးဦးခန့် ရောက်လာပြီး တစ်စုံတစ်ရာအား လိုက်လံရှာဖွေခဲ့ပြီး နောက်ပိုင်းတွင် ယင်းအထုပ်အား ရဲကင်းစခန်း စားဖိုဆောင်ထဲတွင် မြေကြီးအား တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စစ်ဆေးချက်အရ သိရသည်။
အဆိုပါ ရဲကင်းစခန်း စားဖိုဆောင်တွင် မြှုပ်ထားသော အထုပ်အား တူးဖော်ဖွင့်ဖောက် စစ်ဆေးသည့်အခါ စုစုပေါင်းဆေးပြား ၂၉၂၅၀၀ ပြား စုစုပေါင်း ကျပ်သိန်း ၅၈၀၀ ကျော်ဖိုးကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ WY စိတ်ကြွဆေးပြားများအား လက်ဝယ်ထားရှိသူ ရဲတပ်ကြပ် မောင်မောင်လေး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား အင်းဒင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်နိုင်ရေးနှင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Writer:
သားရွှေဦး (ကစ္ဆပ)
No comments:
Post a Comment