Tuesday, July 5, 2016

လားရှိုးမြို့ မန်ဆူကားလေးကွင်းတွင် ဟွန်ဒါဖစ်တစ်စီးမှ ယာဉ်များကို ဆင့်ကဲတိုက်မိမှုကြောင့် လူငါးဦး ဒဏ်ရာရရှိမှုဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မန်ဆူကားလေးကွင်းတွင် ဟွန်ဒါဖစ်ကားတစ်စီးမှ ယာဉ်များကို ဆင့်ကဲတိုက်မိပြီး လမ်းဘေးကွမ်းယာဆိုင်အားဝင်တိုက်မှု ဇူလိုင် လေး ရက် ညနေပိုင်းကဖြစ်ပွားခဲ့ပြီး လူငါး ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။


“လူငါးဦး ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ ပြည်သူတွေတော့ အထိတ်တလန့်ဖြစ်သွားတာပေါ့။”ဟု ယာဉ် ထိန်းရဲအရာရှိတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် မခင်ခင်လှတွင် ဘယ်/ညာခြေဖမိုးပွန်းပဲ့၊ ကိုလွင်တွင် ညာတံတောင်၊ လက်ကောက်ဝတ်၊ တင်ပါးပွန်းပဲ့၊ မမြငြိမ်းတွင် ညာခြေသလုံးပွန်းပဲ့၊ မဆိုင်းအောင်တွင် ညာဒူးပွန်းပဲ့၊ လမ်းလျောက်လာသူ ဦးထွန်း နိုင်တွင် ဘယ်/ညာ ဒူးပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။


“ဒီနေရာက နည်းနည်းရှုပ်တယ်။ အရမ်းသတိထားပြီးမောင်းရတာ။ သူက ဆိုင်ကယ်ကိုဝင်တိုက်ပြီး ထွက်ပြေးတဲ့ သဘောမှာရှိတယ်။ တစ်စီးပြီးတစ်စီးကို တိုက်လာတာ။ နောက်ဆုံးတော့ လမ်းဘေးမှာရပ်ထားတဲ့ကားနဲ့ ကွမ်း ယာဆိုင်ကိုတိုက်ပြီးတော့မှ ရပ်သွားတာ။”ဟု ကိုယ်တိုင်မြင်တွေ့သူ ကိုအားကွေ့ကပြောသည်။


အဆိုပါ ဟွန်ဒါဖစ်ယာဉ်သည် ဆိုင်ကယ်တစ်စီး၊ လမ်းဘေးတွင်ရပ်ထားသော သုံးဘီးနှစ်စီးနှင့် succeed ကားလေးတစ် စီးအပါအဝင် လမ်းဘေးတွင်လှည်းဖြင့်ရောင်းချနေသော ကွမ်းယာဆိုင်ကိုပါ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုအိုက်ပီး ၃၆ နှစ်ကို လားရှိုးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇/၃၇၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းကြောင်း သိရသည်။ ယင်းနေရာ၌ ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်တွင်လည်း ၁၂ ဘီးကားကြီးတစ်စီးဘရိတ်ပေါက်ကာ ယာဉ် ၁၂ စီး ကိုဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ယာဉ်ထိန်းရုံးမှ သိရသည်။

ဓါတ်ပုံ - Tuja Zinghang ( LSO News)
ရတနာပုံ သတင်းစာ

No comments: