27-Jul-2016 tagged as
ဓားများ ကိုင်ဆောင်ထားသည့် အစွန်းရောက် တိုက်ခိုက်သူများသည် ပြင်သစ် ဘုရားကျောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဝတ်ပြု ဆုတောင်းနေသည့် ဘုန်းတော်ကြီးကို ဒူးထောက်ခိုင်းစေကာ လည်လှီးသတ်ခဲ့မှု ယမန်နေ့ (ဇူလိုင် ၂၆ ရက်၊ အင်္ဂါနေ့) က ဖြစ်ပွားခဲ့သည်။
တိုက်ခိုက်သူများသည် အသက် ၈၅ နှစ်အရွယ် ဘုန်းတော်ကြီး ဂျာကွီဟာမဲလ် ဦးဆောင်ကာ ဝတ်ပြုနေသည့် ပဲရစ်မြို့ အနောက်မြောက် ယူအန်မြို့အနီး Saint-Etienne-du- Rouvray ရက်ကွက်ရှိ ဘုရားကျောင်းသို့ နံနက် အစောပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“သူတို့က ဘုန်းတော်ကြီးကို ဒူးထောက်ခိုင်းတယ်။ ဘုန်းတော်ကြီးက သူကိုယ့်သူ ကာကွယ်ရင်းနဲ့ အခုလို အဖြစ်အပျက်ဆိုးတွေ ဖြစ်လာတော့တာပဲ”ဟု အခင်း ဖြစ်ပွားရာမှ ထွက်ပြေး လွတ်မြောက်ခဲ့သည့် သီလရှင် ဒါနီလီက ဆိုသည်။
တိုက်ခိုက်သူများသည် ဘုရားကျောင်းအတွင်းမှ ထွက်လာပြီး “ဘုရားသခင်ဟာ အကြီးကျယ်ဆုံး ဖြစ်တယ်”ဟု ကြွေးကြော်ချိန်တွင် ပြင်သစ်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံတော်၏ သတင်းအေဂျင်စီ ဖြစ်သော အမစ်က အကြမ်းဖက် လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်သည့် SITE ထောက်လှမ်းရေး အုပ်စု မှတ်တမ်းများအရဆိုရလျှင် တိုက်ခိုက်သူများမှာ စစ်သွေးကြွ ကွန်ရက်ထဲမှ စစ်သားများ ဖြစ်သည်ဟု ဆိုသည်။
သို့သော် တိုက်ခိုက်သူများသည် အစ္စလာမ္မစ်နိုင်ငံတော်နှင့် တိုက်ရိုက်ပတ်သက်မှု ရှိသည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။
Ref : Reuters
No comments:
Post a Comment