အမရပူရ မြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ဧရာဝတီ မြစ်ရေတိုးနေသည်ကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်
ဧရာဝတီမြစ်ရေ
မန္တလေးမြို့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် တစ်ပေကျော်သာ လိုတော့ပြီး
နောက်သုံးရက်အတွင်း မန္တလေးမြို့၏ စိုးရိမ်ရေ အမှတ်သို့
ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြစ်အထက်ပိုင်း မိုးရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၂၂ ရက်တွင် ၁၁၃၈ စင်တီမီတာ၊ ဇူလိုင် ၂၃ ရက်တွင် ၁၁၅၈ စင်တီမီတာ၊ ဇူလိုင် ၂၄ ရက်တွင် ၁၁၈၀ စင်တီမီတာ၊ ဇူလိုင် ၂၅ ရက်တွင် ၁၂၀၁ စင်တီမီတာနှင့် ဇူလိုင် ၂၆ ရက်တွင် ၁၂၂၀ စင်တီမီတာအထိ မြင့်တက်လာကာ နောက်သုံးရက်အတွင်း မန္တလေးမြို့၏ စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်း ထုတ်ပြန်ထားသည် ။
“လက်ရှိ မန္တလေး ရေအမှတ်က စိုးရိမ်ရေအမှတ်ကို ရောက်ဖို့ ၄၀ စင်တီမီတာလောက်ပဲ (တစ်ပေကျော်) လိုတော့တယ်။ ဆက်လက် မြင့်တက်နိုင်ခြေရှိပြီး မန္တလေးမြို့ရဲ့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၂၆၀ စင်တီမီတာ ရောက်သည်အထိ မြင့်တက်နိုင်တဲ့ အတွက် မြစ်ရေအသိပေးချက်ကိုလည်း ထုတ်ပြန်ထားတယ်။ စိုးရိမ်ရေမှတ် အထက်ဘယ်လောက်ထိ မြင့်တက်နိုင်တယ် ဆိုတာနဲ့ ဘယ်လောက်ကြာကြာ ရေမြင့်တက်မယ် ဆိုတာတော့ မိုးရွာသွန်းနိုင်မယ့် အခြေအနေတွေပေါ်မှာ မူတည်မှာပါ။ လက်ရှိမှာတော့ မြစ်ရေကို စောင့်ကြည့်နေပြီး လိုအပ်ရင် လိုအပ်သလို သတင်း ထုတ်ပြန်သွားမှာပါ” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) မှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။
မန္တလေး၊ စစ်ကိုင်း၊ ဗန်းမော်မြို့များအား ယင်းမြို့၏ စိုးရိမ်ရေအမှတ်များသို့ ရောက်ရှိနိုင်ကြောင်း မြစ်ရေသတိပေးချက်အား ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ထားပြီး လက်ရှိတွင် မန္တလေးမြစ်ရေ မြင့်တက်မှု အခြေအနေအား သိရှိရန် တစ်နာရီ တစ်ခါတိုင်းကာ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် မြစ်ရေမြင့်တက်ချိန် ကာလအတွင်း မန္တလေးမြစ်ရေ အမှတ်မှာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိသည်အထိ မြင့်တက်ခဲ့ခြင်း မရှိဘဲ မန္တလေးမြို့တွင် စံချိန်တင် မြစ်ရေမြင့်တက်မှုအဖြစ် ၂၀၀၄ ခုနှစ်၊ ဇူလိုင်လအတွင်းက ၁၃၈၂ စင်တီမီတာ အထိ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
ယခုကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်အတွင်း ကျွန်းကျေးရွာများနှင့် အမရပူရမြို့နယ် အတွင်းရှိ ရေ၀င်ရောက်လျက်ရှိသော ကျေးရွာများမှာ ရေလွတ်ရာ စစ်ကိုင်း-မန္တလေး လမ်းတစ်လျှောက်တွင် ပြောင်းရွှေ့ နေထိုင်ရလျက်ရှိကြောင်း သိရသည်။

Writer:
လဲ့လဲ့အောင်
No comments:
Post a Comment