Tuesday, July 5, 2016

ရှမ်းအရှေ့ရှိ တရားမဝင် စက်သုံးဆီဆိုင်များကို ဖမ်းဆီးအရေးယူမည် ဟုဆို ------------------------------------------

ရန်ကုန် ၊ ဇူလိုင် ၎

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်း တရားမဝင် ဖွင့်လှစ်ထားသော စက်သုံးဆီ အရောင်းဆိုင်များ ကို ဇူလိုင်လဆန်းမှ စတင်ကာ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲရေးကော်မတီထံမှ စုံစမ်း သိရှိရသည်။

“ ဒီလဆန်းက စပြီးဖမ်းမယ်ဆိုလို့ ဝှက်ပြီး ရောင်းနေကြတယ်၊ တရားမဝင် ဆိုပေမယ့် လမ်းသွားလမ်းလာ အများစု ဆီပြတ်ရင် အဆင်ပြေဖို့ ရောင်းနေ ကြတာပါ၊ အားလုံးက  မီးဘေးကြိုတင် ကာကွယ်ရေး သင်တန်းတွေ တက် ထားတဲ့အပြင် မီးသတ်ဘူးတွေပါ ဝယ်ထားပါတယ်၊ နွေရာသီပူးပြင်းတဲ့အချိန် မရောင်းချနဲ့လို့ တားမြစ်ရင် ဘယ်သူမှ မရောင်းတော့ဘူး” ဟု ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ စက်သုံးဆီ အရောင်းဆိုင်ရှင် တစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိမြို့နယ်များ၌ တရားဝင် ရောင်းချခွင့်ရ စက်သုံးဆီ အရောင်းဆိုင်ကြီး များမှာ မြို့ပြင်၌တည်ရှိပြီး  ရောင်းချသည့် ဈေးနှုန်းများလည်း မတူညီကြကြောင်း၊ မော်တော်ယာဉ်များ ဆီပြတ်လပ်ပါက လမ်းဘေး အရောင်းဆိုင်ငယ်များတွင် ဝယ်ယူရရှိနိုင်ပြီး ဆီအချင်အတွယ်မှာ  ဆိုင်ကြီးများထက် ပိုမို ပြည့်ဝကြောင်း ဒေသခံများက ပြောဆိုသည်။

“ တရားဝင် စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ တိုင်ကြားချက်အရ သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေး ကော်မတီ အဆုံးအဖြတ်နဲ့ ဖမ်းဆီးမယ်လို့ သိရတယ်။ ဘယ်လိုအရေးယူမလဲဆိုတာတော့ မသိရသေးဘူး” ဟုကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် မီးသတ်ဦးစီးဌာနမှူး ရဲသူရိန် သိန်းမြင့်က ပြောကြားသည်။

တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် တရားဝင် စက်သုံးဆီအရောင်းဆိုင်၁၁ဆိုင်၊ တာချီလိတ်မြို့တွင် ၁၄ဆိုင်နှင့် မိုင်းဆတ်မြို့တွင် ၈ဆိုင်ရှိပြီး ပြည်နယ်တစ်ခု လုံးတွင် တရားမဝင်စက်သုံးဆီအရောင်းဆိုင်ငယ်များ ရာနှင့်ချီ ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှသိရသည်။

No comments: