Saturday, July 2, 2016

ဘင်္ဂလားဒေ့ရှ်တွင် ပဉ္စမမြောက် ဟိန္ဒူဘုန်းကြီး ဓားဖြင့်ခုတ်သတ်ခံရ =======================----


ဒါကာ၊ ဇူလိုင်-၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ်စစ်သွေးကြွများ၏ ဆက်တိုက်သတ်ဖြတ်မှုများအတွင်း လတ်တလောအကျဆုံးဖြစ်ရပ်အဖြစ် ကြာသပတေးနေ့က ဟိန္ဒူဘုန်းကြီးတစ်ပါး ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

ရှေမန်နွန်ဒါ ဒက်စ် (၄၅နှစ်)မှာ အနောက်တောင်ပိုင်း ဂျင်နိုင်ဒက်ခရိုင်အတွင်းမှ ဘုရားကျောင်းအနီးတွင် လမ်းလျှောက်ရင်း နံနက်ခင်း ၀တ်ပြုဆုတောင်းပွဲအတွက် ပြင်ဆင်နေစဉ် မော်တော်ဆိုင်ကယ်နှင့် လူသုံးဦးရောက်ရှိလာကာ သူ့ကို ဓားပြားကြီးများဖြင့် တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ကြသည်။

မည်သည့်အုပ်စုကမျှ ၄င်းတို့၏ လက်ချက်ပါဟု ကြေညာလာခြင်းမရှိသော်လည်း တိုက်ခိုက်မှုမှာ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဟိန္ဒူဘုန်းကြီး၊ ဘာသာခြားလူနည်းစုနှင့် လစ်ဘရယ်တက်ကြွလှုပ်ရှားသူ ၄၀ကျော်ကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့သည့် အစ္စလာမ်စစ်သွေးကြွများ၏ လုပ်နည်းလုပ်ဟန် ပေါ်လွင်နေသည်ဟု ဆိုသည်။

ဒက်စ်မှာ ဘင်္ဂလားဒေ့ရှ်တွင် ဇွန်လအတွင်း အသတ်ခံရသည့် တတိယမြောက် ဟိန္ဒူဘာသာဝင် ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရက်သတ္တနှစ်ပတ်အလွန်က ထိုတိုက်ခိုက်မှုများကို ပိုက်စိတ်တိုက် ဖြိုခွင်းစဉ်အတွင်း စစ်သွေးကြွဟုယူဆရသူ ၅၀၀၀နီးပါးကို ဖမ်းဆီးခဲ့ရာ ကမ္ဘာနှင့်အ၀န်းရှိ လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ထိပ်တန်းအစ္စလာမ်အုပ်စုတစ်စုက ဘာသာရေးအမိန့်တစ်ခု ထုတ်ပြန်ခဲ့ရာ မွတ်စလင်၊ လောကီရေးစာရေးဆရာများနှင့် တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်တိုက်ခိုက်မှုများအပါအ၀င် အကြမ်းဖက်မှုနှင့် စစ်သွေးကြွဝါဒများကို အစ္စလာမ်အဆုံးအမနှင့် ဆန့်ကျင်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုအမိန့်ဒီဂရီကို အစ္စလာမ်ကျမ်းတတ်ပုဂ္ဂိုလ် ၁၀၀၀၀၀ကျော်က လက်မှတ်ရေးထိုးခဲ့သည်။

တိုခိုက်မှုအချို့မှာ ၄င်းတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါ ဂိုဏ်းများက ကြေညာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမူ နိုင်ငံအတွင်းတွင် လှုပ်ရှားနေသော နိုင်ငံခြားအကြမ်းဖက်အုပ်စုမရှိဟု အကြောက်အကန် ငြင်းဆန်နေကာ ယင်းအစား ပြည်တွင်း စစ်သွေးကြွများနှင့် အတိုက်အခံများ၏ လက်ချက်ဖြစ်သည်ဟုသာ ပြောကြားနေခဲ့သည်။

VOA
AM
china.com Myanmar
https://www.facebook.com/china.com.mm/

No comments: