Sunday, July 10, 2016

ဘယ်သူတွေ ရူးသလည်း ခွဲခြားသိပါရစေ . . .

ဘယ်သူတွေ  ရူးသလည်း  ခွဲခြားသိပါရစေ . . . ?

                မခံစားဘူးတော့  ကိုယ်ချင်း မစာသည်
ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ချင်သည်
ပြေးသူ နဲ့ ကျန်ရစ်သူ  မြင်သူနဲ့ ပြောကြသူ
ဘယ်သူတွေ ရူးလည်း ခွဲခြားသိပါရစေ

အထက်ပါ သီချင်းကို နားဆင်ရတိုင်း အမြဲခံစားမိသည်

ကိုယ်ချင်းစာ စိတ်သည်  ခံစားဘူး မှ ခံစားတတ်ခြင်း မှ
ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်

ခံစား ရာမှာလည်း ကိုယ်တိုင်တွေ့ကြုံ ခံစားရခြင်း
ဖတ်သိ  မြင်သိ ကြားသိခြင်း များမှ ခံစားရခြင်း ခံစားတတ်ခြင်း
ခံစားမိခြင်း တို့ ဖြစ်ပေါ်လာကြပါသည်
ကိုယ်ပိုင်ခံစား အဌားခံစား ဟူ၍ လည်း ပြောနိုင်ပါသည်

ကိုယ်ပိုင်ခံစား ဟု ဆိုရာတွင်
နိုင်ငံရေးလုပ်သဖြင့် အကျဉ်းခံခဲ့ရသူများ
လူနည်းစု ဖြစ်သဖြင့် လူများစုက အနိုင်ကျင့်မှုများ
တိုင်းတပါးတွင် နေထိုင်ရင်း အနှိမ်ခံရခြင်းများ
စီးပွားရေး အရ အနိုင်ကျင့်ခံရမှုများ
ဆိုင်ကယ်တိုက်ခံရခြင်း စသည်ဖြင့် တပါးသူက
မိမိအပေါ် တုန့်ပြန်မှု အကြောင်းအမျိုးမျိုးကြောင့်
မိမိကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသော ခံစားမှု အားလုံးကို
ဆိုလိုပါသည်

မြင်တွေ့ ကြားသိ ဖတ်မှတ်သိ ခံစားခြင်း  အဌားခံစားခြင်း
ဆိုသည်မှာ တခြားသူကပြော၍ ခံစားရခြင်း
ကိုယ်တိုင် အဖြစ်အပျက်များကို မြင်မိ၍ ခံစားရခြင်း
ဝတ္ထု ရုပ်ရှင်ပြဇတ်များ ကြည့်၍ ခံစားရခြင်းတို့ကို ဆိုလိုပါသည်
ဥပမာ အနေဖြင့်
ဖိနှိပ်ခံရမှုများကို ကြားသိရခြင်း
မတရား သိမ်းပိုက်ခံရမှုများကို မြင်တွေ့ရခြင်း
ဝတ္ထု ဇတ်လမ်း ရုပ်ရှင်များ မှ အဖြစ်အပျက်များကို
ကြည့်ရှု့ပြီး ခံစားရခြင်းတို့ ဖြစ်ပါသည်

ယခုလို ခံစားမှု ၂ မျိုးတွင် ခံစားရသော အရှိန်ပမာဏ မှာ
တစ်ဦးနှင့်တစ်ဦး မတူကြချေ
ဥပမာ  ဆိုင်ကယ် အတိုက်ခံရသူက သွေးထွက်ခြင်း
နာကျင်ခြင်း ဖြစ်နေသော်လည်း မူလက မကြောက်တတ်သူက
အနည်းငယ် ကြောက်ရွံ့မှု ခံစားနိုင်သော်လည်း
ဘေးမှ မြင်၍ ကြောက်တတ်သူက မူးမေ့သွားခြင်း
တုန်လှုပ်မှုများစွာ ခံစားရခြင်း စသည်ဖြင့် မတူကြသည်ကို
တွေ့ရပါသည်

ယခုလို ကိုယ်ပိုင်ခံစား အဌားခံစားမှုမျိုး တွေ့ကြုံလာမှ
ခံစားတတ်လာမှ ကိုယ်ချင်းစာစိတ် ကို ကူးပြောင်းဖို့
ဖြစ်ပေါ်လာတတ်ပါတယ်

ဥပမာ
နိုင်ငံရေး အရ အကျဉ်းကျ ခံရမှုများ
အဖိနှိပ် ခံရမှုများ
တိုင်းတပါးမှာ အနှိမ်ခံရမှုများ
လူနည်းစု အပေါ် အနိုင်ကျင့်ခံရမှုများ ကိုယ်တိုင်ကြုံတွေ့
ခံစားလာရသောအခါ ကိုယ်ချင်းစာစိတ် ဖြစ်လာ၍
မိမိ က အဆိုပါ ဖြစ်စဉ်များကို ပြန်လည်ဖန်တီးခွင့်ရလာသော
အခါမှာ ငါ့ တုန်းက ဒါတွေခံခဲ့ရတာ
အခု ငါ့ကြောင့် အခြားသူတွေ ဒီလို မဖြစ်စေရဘူး ဟု
ခံစားစိတ် မှ ကိုယ်ချင်းစာ စိတ်ကို ကူးပြောင်းကြရပေမည်
လူသားဆန်သော ကိုယ်ချင်းစာစိတ် ဖြစ်ပါသည်

ခွေး များ အစာစားနေစဉ် အခြားခွေးက ဖြစ်စေ
သား သမီး ခွေးက ဖြစ်စေ အစာလာစားရင်  အနားကပ်လာရင်
ရန်မူလေ့ရှိကြပါသည်
အခြား တိရစ္ဆာန်များလည်း ထိုသဘောသာ ဖြစ်ပါသည်
ငါ ဆာလောင်နေသလို ဆာလောင်မှု ခံစားရသလို
သူတို့လည်း ဆာလောင်နေမှာဘဲ စားကြပါစေ စသည်ဖြင့်
ခံစားမှု မှ ကိုယ်ချင်းစာစိတ် မပြောင်းနိုင်သောကြောင့်
ထိုကဲ့သို့ ရန်လုပ်ခြင်း ဖြစ်ပါသည်
တိရစ္ဆာန် စိတ် ဟု ဆိုနိုင်ပါသည်

အဌားခံစားမှုများမှာလည်း စာဖတ်ခြင်း ရုပ်ရှင်ပြဇတ် ကြည့်ခြင်း
မြင်သိကြားသိများကို ခံစားခြင်းသည် လည်း ကိုယ်ချင်းစာစိတ်
အဖြစ်ပြောင်းလဲပြီး လုပ်ဆောင်နိုင်မှ စာဖတ်ခြင်း ရုပ်ရှင်ပြဇတ်
ကြည့်ခြင်း မြင်သိကြားသိခြင်း တို့မှ အသိညဏ် ရသည်ဟု
ဆိုနိုင်ပါသည်

ဥပမာ  အမျိုးသမီး တစ်ဦး က အမျိုးသား တစ်ဦးကို
ယုံကြည်ပြီး ပုံအပ်မိသည်
ကိုယ်ဝန် ရလာတော့ အမျိုးသား လစ်သွားသည်
ထိုအမျိုးသားသည် အခြားအမျိုးသမီး များကိုလည်း
ထိုသို့ပြုမူတတ်သည်
ကိုယ်ဝန်နှင့် မိန်းကလေးမှာ ဒုက္ခတွေရောက်
အိမ်မပြန်ရဲသဖြင့် ဘဝကို ရေစုံမျှော ပြည့်တန်ဆာဖြစ်
ကလေးမွေးတော့ စွန့်ပစ်   စသည်ဖြင့်  ဖတ်ရ  ကြည့်ရ
ကြားသိရသည်တွင် အဌားခံစားတတ်မှ ကိုယ်ချင်းစာစိတ်
သို့ပြောင်းရပါသည်
အမျိုးသားများ အနေဖြင့် အသိတရားမှာ မိန်းကလေးများကို
ဒီလိုပြုမူတာ အင်မတန် ဆိုးပါလား ငါ့ အမ နှမ ဆိုရင် ရင်ကျိုးရမှာဘဲ
စသည်ဖြင့် ခံစားပြီး ကိုယ်ချင်းစာစိတ် ပြောင်းကာ
ဒီလို အပြုအမူမျိုး ငါ့ တသက် လုံးဝ မလုပ်ဟု ကိုယ်ချင်းစာ
မိရမှာ ဖြစ်ပါတယ်
မိန်းကလေးများ အနေဖြင့်လည်း  ယုံလွယ်ရင် ဒီလိုဖြစ်တတ်တယ်
ဘဝကို ရေစုန်မျှောရင် ပြည့်တန်ဆာ ထိ ဖြစ်သွားတတ်တယ်
စသည်ဖြင့် ခံစားပြီး မှသာ ငါတော့ ဒီလို မဖြစ်အောင် ဆင်ခြင်နေထိုင်
သွားမယ်လို့ သတိထားစိတ် ပြောင်းသွားရမှာ ဖြစ်ပါတယ်

ဖေါ်ပြပါ အချက်တွေဟာ ကိုယ်တိုင်ဖြစ်စေ အဌားဖြစ်စေ
ခံစားဘူး မှ  ခံစားတတ် မှ ကိုယ်ချင်းစာစိတ် အဖြစ်ပြောင်းလည်းပြီး
လူ ပီသမှု ကို ဖေါ်ကြူးနိုင်ကြမှာ ဖြစ်ပါတယ်

အဲလို ခံစားမှုများမှ ကိုယ်ချင်းစာစိတ် မပြောင်းနိုင်ဘူး ဆိုရင်
တိရစ္ဆာန် စိတ် နှင့် တန်းတူ ဖြစ်သွားပါ့မယ်

ယဉ်ကျေးမှု မြင့်မားသော ကိုယ်ချင်းစာစိတ်ကို လေးစားသော
နိုင်ငံကြီးများမှာ ကလေးသူငယ်များအား ရိုက်နှက်ခြင်း
ခိုင်းစေခြင်း တိရစ္ဆာန်များကို ညှင်းပန်းခြင်း တဖက်သားထိခိုက်စေသော
အသေးအဖွဲက အစ ဥပဒေများပြဌန်းပြီး အရေးယူဆောင်ရွက်ပါတယ်
ခံစားမှု ကို ကိုယ်ချင်းစာစိတ် ပြောင်းနိုင်သော
အသိညဏ် အဆင့်မြင့်မှု ဖြစ်ပါတယ်

တရုပ်သိုင်းကား ဇတ်လမ်းတွဲများလို သူ့အဖေ သတ်လို့
သူ့သားက ကလဲ့စားပြန်ချေ
တဖန် အသတ်ခံရသူ သားက တဖက်ကို ပြန်သတ် စသည်ဖြင့်တို့ဟာ
ခံစားမှုကို ကိုယ်ချင်းစာမှုဖြင့် မတုန့်ပြန်ဘဲ ရန်လိုမှုဖြင့်တုန့်ပြန်သောကြောင့်
ပါဝင်ပတ်သက်သူအားလုံး အမုန်း သံသရာ ရှည်စေတာ ဖြစ်ပါတယ်

ဗုဒ္ဓ က ကိုယ်ချင်းစာစိတ် အခြေခံသော တရားများ ဟောပြသွန်သင်
ခဲ့ပါတယ်
လူသိ အများဆုံး ငါးပါးသီလ မှာတောင် သူ့ အသက်သတ် အစမှ
သူ့တပါး သားမယား ပြစ်မှားအဆုံး မလုပ်စေလိုတာ ဟာ
ကိုယ်ချင်းစာစိတ် အခြေခံတာပါ
ကိုယ့် ကို သတ်တာ မကြိုက်ကြသလို သူ့ကိုလည်း မသတ်နဲ့
စသည်ဖြင့်ပေါ့

သူတပါး က ကျူးလွန်ခဲ့လို့ ကိုယ်က ခံစားခဲ့ရရင်လည်း
ကိုယ်ချင်းစာစိတ်ကို အခြေခံ မိသောအခါ ပြန်လည် လက်စားခြေခြင်း
မပြုခြင်းဖြင့် အမုန်း သံသရာ မရှည်စေတော့ပါ

၃၈ ဖြာ မင်္ဂလာ မှာလည်း လူမိုက်များကို မဆည်းကပ် မပေါင်းသင်း
ခြင်းသည် မင်္ဂလာ လို့ ဟောကြားခဲ့တာလည်း ကိုယ်ချင်းစာစိတ်
အခြေခံပြီး  လူမိုက်နဲ့ ပေါင်းရင် မှီဝဲရင် လူမိုက် အလုပ်များ
လုပ်ပြီး တပါးသူ ဒုက္ခ တွေ့စေ ဖြစ်စေတာမို့  ရှောင်ကြဉ်ပါလို့
ဟောကြားခဲ့တာပါ

အဲဒီနေရာ မှာ လူမိုက် ဆိုတာ ဘာလည်း  လို့ သိရပါ့မယ်
မကောင်းမှု ပြုသူများကို လူမိုက်လို့ သတ်မှတ်ပါတယ်
နည်းနည်းပြုရင် နည်းနည်း လူမိုက်
များများပြုရင် များများ လူမိုက်ပေါ့
မကောင်းမှု ဆိုတာက မိမိကြောင့် သူတပါးထိခိုက်စေသော
အကျိုးယုတ်စေသော အမှုများ ကို ခေါ်ပါတယ်
ဒါကြောင့် ဥပဒေများ ထုတ်ပြီး လူမိုက် အလုပ်များ ဖြစ်တဲ့
ခိုးရင် လုရင် လိမ်လည်ရင် စသည်ဖြင့်
အပြစ်ပေးကြပါတယ်

တခါတလေ မှာ  မင်း က လူမိုက်ဘဲ ဒီလောက်ချောင်နေတာ မခိုးဘူး
ဒီလောက် မိန်းကလေးက အခွင့်အရေးပေးနေတာ မယူဘူး
ဒီလောက်ကောင်းတဲ့ အရက် မကြိုက်ဘူး
ဒီလောက် အ နေတာ မတီးလိုက်ဘူး  လူမိုက်ပါကွာလို့
လူမိုက် ဆိုတာကို ခေါင်းစဉ်မှား တတ်ကြပါတယ်

တကယ်တော့ ကျနော်တို့ ပတ်ဝန်းကျင်မှာ လူမိုက်တွေက
အများသား  လား
ခံစားဘူးသော်လည်း  ခံစားတတ်သော်လည်း ကိုယ်ချင်းမစာသူက
အများသား လား

ဥပမာ  ပြောကြည့်ရအောင် 
စက်သုံးဆီ အသန့်ထဲ မှာ ချက်ဆီရောပြီး ရောင်းမယ်
ဒါပေမယ့် ရောင်းသူက သူ့အိမ်က လင်ခရူဇာ မှာ အဲဒီ ဆီ မထည့်ဘူး
သူများထည့်လို့ ပျက်ချင်ပျက်ပါစေ ငါတော့ အပျက်ခံပြီး မထည့်ဘူး

ပဲဆီ အစိတ်သား နဲ့ စားအုန်းဆီ ၇၅ ကျပ်သား ရောပြီးရောင်းမယ်
သူများစားလို့ ဘာဖြစ်ဖြစ် ငါကတော့ မသန့်လို့ မစားဘူး

ဆေးဝါး အတုလုပ်မယ် ရက်လွန်တွေရောင်းမယ်
တားမြစ်ဓာတာဆေးတွေ အစားတွေထဲ
လှအောင် တာရှည်ခံအောင်ထည့်မယ်
မစားသင့် မသုံးသင့်လို့ တားမြစ်ထားလည်း
တင်သွင်းမယ် ရောင်းချမယ်
စသည်ဖြင့် မိမိကြောင့် သူတပါး ပျက်စီးစေသော အချက်များကို
သိသိနှင့် ကျူးလွန်နေသူများသည် ခံစားမှု မှ ကိုယ်ချင်းစာစိတ်
မပြောင်းနိုင်သော  မကောင်းမှု ကျူးလွန်နေကြသော
လူမိုက် အစစ်များဖြစ်ပါသည်

တခါတလေ ကလေးငယ်လေးတွေ မတန်တဆ ခိုင်းနေတာ
တိရစ္ဆန်များကို ညှင်းပန်းနှိပ်စက်နေတာ
လက်အောက် ငယ်သားများ မိမိအောက်ဝန်ထမ်းများကို
ကြမ်းတမ်းစွာ ဆက်ဆံတာ ကိုယ်ထိလက်ရောက် နှိပ်စက်တာ
စသည်ဖြင့် ခံစားမှု မှ ကိုယ်ချင်းစာစိတ် မပြောင်းနိုင်သော
အပြုအမူများသည် အင်မတန် အကျည်းတန်လှပါသည်

ကျနော်တို့သည် ဘဝတက္ကသိုလ် ထဲမှ မကုန်ဆုံးနိုင်သော
ခံစားမှုများ တွေ့မြင်ကြုံတွေ့ ခံစားကြရာဝယ် ဖြန့်ကျက် တွေးစရာများ
ပညာယူစရာများ သံဝေဂ  ရဖွယ်များကို တွေ့ရပါသည်

အချုပ်အားဖြင့် ဆိုရလျှင်  မိမိကိုယ်တိုင် ခံစားဘူး၍ ဖြစ်စေ
အဌားခံစားဘူးလို့ဖြစ်စေ  မိမိရင်ထဲမှာ
နာကျင်အောင် ခံစားမှု မှ အစ သာမန် ခံစားမှု များကို
လူသား အသိညဏ်ဖြင့် ကိုယ်ချင်းစာစိတ် ပြောင်းလဲနိုင် မှသာ
အမုန်းသံသရာ မရှည်သော သာယာလှပသော
လူ့ဘောင်တစ်ခု ဖြစ်တည် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်
ဒီလိုမဟုတ်ဘဲ ငါ့တုန်းက ခံထားရတာ
ငါ  တူဖြစ်ရင် သာသာပိုးပိုးလေး နှံလိုက်ဦး မှ ဆိုရင်ဖြင့်
အမုန်းသံသရာ မှ မလွတ်နိုင်တော့ပါ

ထို့အတူပါဘဲ အဌားခံစားမိလို့ မကောင်းမှန်းသိရင်
မလုပ်ကြတာဟာ လူမိုက် ဆိုသော ခေါင်းစဉ် တပ် ခံရခြင်းမှ
လွတ်ကင်းနိုင်ပြီး  သာယာသော လူနေမှု ဘဝများ
ရရှိ ခံစားရမှာ ဖြစ်ပါတယ်

လောလောဆယ် ကျနော်တို့ လူ့အဖွဲ့အစည်း မှာတော့
ခံစားဖူးသော်လည်း
ခံစားမိသော်လည်း  ခံစားတတ်သော်လည်း
ကိုယ်ချင်းမစာမိသော ဖြစ်စဉ်များဟာ နေ့စဉ်နှင့်အမျှ
တွေ့မြင် ကြားသိ နေရတာဟာ

မခံစားဘူးလို့ ကိုယ်ချင်းမစာသည် ဖြစ်နေတာလား . . ?

ဆန်းမိုးအောင်  မုံရွာ
Photo credit to original uploader

No comments: