ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ဘတ်စ်ကားများ သယ်ယူပို့ဆောင်ရေးကဏ္ဍ နှင့်ပတ်သက်၍ တာဝန်ယူ ဖြေရှင်းပေးနေသော မော်တော်ယာဉ် လုပ်ငန်ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)ကို ဖျက်သိမ်းကာ ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (ရသအ)ကို ယခုလအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရုံးမှ သိရသည်။
ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (ရသအ)ဖွဲ့စည်းရာတွင် နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးတို့အပြင် ကျွမ်းကျင်ပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။
“ယခင်မထသနဲ့ မတူတာက သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် သြဇာအာဏာ အပြည့်အ၀ရှိတယ်။ ဆောင်ရွက်တဲ့အခါမှာလဲ ကားလမ်းကို အဓိကထားပြီး စနစ်ပြောင်းမယ်။ ရန်ကုန်မှ ပြေးနေတဲ့ ဘတ်စ်ကားတွေရဲ့ တစ်ဦးချင်း ပိုင်ဆိုင်မှုကနေ အများပိုင်ကို ပြောင်းလဲဖွဲ့စည်းသွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ သယ်ယူပို့ဆောင်ရေး အကြံပေး ဒေါက်တာမောင်အောင်က The Ladies သို့ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲလျက်ရှိသော ခရီးသည်တင် ဘတ်စ်ကားများကို အများပိုင်ဖွဲ့စည်းကာ လမ်းကြောင်းတစ်ခုထဲတွင် ထပ်နေသော ယာဉ်လိုင်းများကို လျော့ချသွားမည်ဖြစ်ပြီး ယာဉ်စီးခကောက်ခံရာတွင်လည်း လက်မှတ်စနစ်ဖြင့် ကောက်ခံကာ ယာဉ်လုပ်သား (ယာဉ်မောင်း၊ ယာဉ်နောက်လိုက်)တို့ကို လစာဖြင့် ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားများနှင့် ပတ်သက်၍ စနစ်ပြောင်းလဲ ဆောင်ရွက်ရုံသာမက ရန်ကုန်မြို့ပတ်လည်ရှိ လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်း အစရှိသည့် မြစ်ကြောင်းတစ်လျှောက်တွင် စက်တပ်သမ္မာန်များဖြင့် သွားလာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ (မထသ)သည် ယာဉ်လိုင်းအဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့ ယာဉ်လိုင်းပေါင်း ၃၅၂ လိုင်း၊ ယာဉ်အစီးရေ ၇၄၇၃ စီး နေ့စဉ်ထွက်ရှိကာ ခရီးသည် ၅.၂ သန်း ကို သယ်ယူပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
ဝသန်
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
ခရီးသည်တင်ဘတ်စ်ကားများ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ယခုလအတွင်း မထသ ဖျက်သိမ်းကာ ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (ရသအ)ဖွဲ့စည်းမည် --------- ------ ----------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment