Friday, July 8, 2016

ရက် (၁ဝဝ) ရှက်စရာ မဖြစ်စေဖို့... -------------


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ပြောဆိုလာ မှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးရှိ မဘသအပါအဝင် အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများ စိတ်မကောင်းနေကြပါတယ်။
စင်္ကာပူမှာ ပြောခဲ့ရုံတင်မပြီးသေးဘဲ အပြန်ရန်ကုန်လေဆိပ်မှာလည်း ထပ်ပြောပြန်သေးတယ်။ ဒါ့အပြင် ယနေ့မှာလည်း မဟနဆရာတော်ကြီးများထံသွားရောက်သြဝါဒခံပြီး မဘသအကြောင်းထပ်မံ လျှောက်ပြန်ပါသေးတယ်။ ဇူလိုင်လ (၃)ရက် စင်္ကာပူ၊ (၆)ရက် ရန်ကုန်လေဆိပ်၊ (၇)ရက် မဟနဆရာတော်ကြီးများ ဤသို့အားဖြင့် ဆက်တိုက် တိုက်ခိုက်လာတာဟာ တိုက်ဆိုင်မှုမဟုတ်၊ တမင်သက်သက် ရည်ရွယ်ချက်ရှိနဲ့ တမင်တကာ အပြုတ်တိုက်ဖို့ လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားပါပြီ။
ရက် (၁ဝဝ)အတွင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ဆောင်ရွက်စရာတွေ များစွာရှိနေပါလျက် မဘသရဲ့အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းကို ဖျက်လိုဖျက်ဆီးလုပ်လိုက်တာဟာ ဘာသဘောပါလဲ။ ဘာသာခြားအရေးတွေးချည်း ဘက်လိုက်ဆောင်ရွက်နေတာတွေလည်း ရှိနေပြန်တယ်။ မဘသဟာ နိုင်ငံရေးအဖွဲ့အစည်းလည်း မဟုတ်ဘူး၊ မဘသဟာ အစိုးရရဲ့အတိုက်အခံပါတီလည်း မဟုတ်ဘူး၊ အစိုးရအဖွဲ့ကို တိုက်ခိုက်နေတာလည်း မဟုတ်ဘူးလေ၊ ဘာဖြစ်လို့များ မဘသကို လာပြီး တိုက်ခိုက်ချင်နေကြရတာလဲဆိုတာ နားမလည်နိုင်တော့ပါဘူး။ ဘယ်အချက်က ဘယ်သူ့အကျိုးစီးပွားကို နစ်နာပျက်စီးစေပါသလဲ၊ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင်တော့ သေချာတာက စပွန်ဆာကြောင့်ပဲ ဖြစ်လိမ့်မယ်။ နောက်ကွယ်က ကြိုးကိုင်သူ မြှောက်ပေးနေသူတွေလည်း ရှိနေမှာပါပဲ။ ရှိပါစေတော့၊ ပြောချင်တာက ရက် (၁ဝ)အတွင်းမှာ မဘသထက် လုပ်စရာတွေအများကြီး ရှိနေတယ်လေ၊ ဘာဖြစ်လို့ မဘသကို ပစ်မှတ်ထားနေရသလဲ။ ဒီအတိုင်းဆိုရင်တော့ သူတို့လုပ်နေတဲ့ ရက် (၁ဝဝ)ဟာ ရှက်စရာအဖြစ်မျိုးနဲ့ ကြုံတွေ့တော့မှာပါလားလို့လည်း စိုးရိမ်မိပါသေးတယ်။
ယခင်တုန်းက ပြောဖူးပါတယ် ''မဘသကို ခလုတ်တိုက်လို့ပဲရမယ်၊ အပြုတ်တိုက်လို့မရဘူး''ဆိုတာလေ။ အခုတော့ ရန်ကုန်ဝန်ကြီးချုပ်က ခလုတ်တိုက်ရုံတင်မဟုတ်တော့ဘဲ အပြုတ်တိုက်ဖို့အထိ ကမ်းတက်လာတဲ့သဘောပါ။
မဟနနဲ့မဘသကို သွေးကွဲအောင် ခွဲထုတ်ပြီး ဖြိုခွဲမယ့်နည်းလမ်းနဲ့ဆရာတော်ကြီးများထံ ''ခြင်း''ကပ်တဲ့နည်းနဲ့ချဉ်းကပ်ပြီး လျှောက်ထားနေပြန်သေးတယ်။ ဝန်ကြီးချုပ်ရဲ့ဘောင်ကျော်လာတဲ့စကားတွေကြောင့် နိုင်ငံအတွင်းရှိ မဘသဆရာတော်များ၊ အပင်ပန်းခံပြီး ကိုယ်တိုင်ကြွရောက်ကာ အထူးအစည်းအဝေးတစ်ရပ်ကျင်းပရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော်များ၊ အဂ္ဂမဟာပဏ္ဍိတဆရာတော်များ၊ တိပိဋကဓရဆရာတော်များ ကိုယ်တိုင်ကြွရောက်လာတာကိုကြည့်ရင် ဆရာတော်ကြီးတွေကို ညှင်းဆဲရာရောက်သလိုဖြစ်တဲ့အတွက် ဒီဒဏ်တွေကိုလည်း ဓမ္မသဘောအရ ခံစားရမှာပါပဲ။
ဒီနေရာမှာ အနည်းငယ် ရှင်းပြချင်တာက သံဃနာယကအခြေခံစည်းမျဉ်းတွေကိုင်ပြီး မဘသကို အပြုတ်တိုက်ဖို့ကြိုးစားလိုက်တာက လည်း မဘသရဲ့ ဖွဲ့စည်းပုံနဲ့အခြေစည်းမျဉ်း မူဝါဒတွေကို နားမလည်းဘူး၊ သိလည်း မသိဘူး၊ ဖတ်လည်း မဖတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါ့အပြင် မဟနနဲ့မဘသတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ လုပ်ငန်းသဘောတရားတွေကို နားမလည်ဘဲ ပြောလိုက်တာ ဖြစ်တယ်။
ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မဟနရဲ့ သံဃနာယကအခြေခံစည်းမျဉ်းအရ ဂိုဏ်းပေါင်းစုံပါဝင်တဲ့သံဃအဖွဲ့အစည်းတစ်ခုသာ ရှိရမည်ဆိုတဲ့အချက်ကို အပီကိုင် အပြုတ်တိုက်လိုက်တာပါ၊ နည်းပေးလမ်းပြလုပ်တဲ့သူကိုယ်တိုင်ကလည်း မသိ၊ သူများညွှန်ပြတာကို အဟုတ်ထင် မလေ့လာပဲ ရမ်းတုတ်လိုက်တော့ အလုပ်ရှုပ်ကုန်တော့တာပေါ့။ တစ်ခုတော့ရှိပါတယ်၊ ဝန်ကြီးချုပ်ထောက်ပြတဲ့ သံ/စည်း ကတော့မှန်ပါတယ်။ မဟနက သံဃအဖွဲ့အစည်းဖြစ်တယ်၊ အဲဒီအောက်မှာပဲ ဂိုဏ်းပေါင်းစုံကသံဃာတွေ အားလုံးတညီတညွတ်တည်း ရှိနေရမယ်။ အခြား သံဃအဖွဲ့ ဖွဲ့စည်းခွင့်မရှိ၊ ဖွဲ့ခဲ့မယ်ဆိုရင်တော့ ဖျက်သိမ်းခွင့်ရှိတာပေါ့။ ဒီအပေါ်မှာ ဘာမှပြောစရာမရှိဘူး။ ခက်တာက မဘသဟာ သံဃအဖွဲ့ အစည်း မဟုတ်ဘူးဆိုတာကို တကယ်မသိတာပဲ။
မဘသက အဲဒီလိုသံဃအဖွဲ့အစည်းမျိုးမဟုတ်ဘူးဆိုတာကို နားလည်စေချင်ပါတယ်။ မဘသက သံဃာတော်တွေရယ်၊ လူပုဂ္ဂိုလ်အမျိုးသား အမျိုးသမီးတွေရယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်၊ စာပေပညာရှင်၊ ဥပဒေပညာရှင် စတဲ့အလွှာ ပေါင်းစုံနဲ့ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အကယ်၍ မဘသဟာ သံဃာတော်တွေချည်းသက်သက် ဖွဲ့စည်းထားခဲ့ရင်တော့ ဦးဖြိုးမင်းသိန်းတို့လို အရပ်သားအာဏာရှင်အစိုးရက ဖြုတ်ပစ်လို့ ရကောင်း ရနိုင်ပါလိမ့်မယ်။
ဒါပေမယ့် မဘသက မဟနရဲ့ သံဃနာယကအခြေခံစည်းမျဉ်းများနဲ့ ငြိစွန်းတာ လုံးဝမရှိတဲ့အတွက် သံဃနာယကအခြေခံစည်းမျဉ်း များနဲ့ လုံးဝ အရေးယူလို့ မရနိုင်ပါဘူး။ မဟနဆရာတော်ကြီးများထံမှာလည်း တရားဝင်သြဝါဒခံအသိအမှတ်ပြုထားပြီးသားပါ။ ဒါ့အပြင် ၂ဝ၁၃ ခုနှစ် ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးမှာကလည်း အသိအမှတ်ပြုထားခံရတာ ဖြစ်တယ်ဆိုတာကိုပါ နားလည်ထားဖို့ လိုအပ်ပါတယ်။
ပြီးတော့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနဲ့လည်း ကိုက်ညီတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့်တာဝန်များကဏ္ဍ ပုဒ်မ (၃၅၄)၊ အပိုဒ် (ဂ) အသင်းအဖွဲ့ (သို့မဟုတ်) အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်ဥပဒေနဲ့လည်း ညီညွတ်ပါတယ်။
၂ဝ၁၄ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၁)'အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ'မှာလည်း 'ဘာသာ သာသနာသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်တဲ့အသင်းအဖွဲ့များဟာ ဖွဲ့စည်းလျှောက်ထားခွင့် တင်သွင်းလျှောက်ထားစရာ မလိုဘဲ လှုပ်ရှားဆောင်ရွက်နိုင်တယ်လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ အဲဒါကြောင့် မဘသဟာ သံဃအဖွဲ့အစည်းအခြေခံစဉ်းမျဉ်းများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအားလုံးနဲ့ညီညွတ်တဲ့အတွက် အပြုတ်တိုက်ဖို့ မကြိုးစားကြပါနဲ့လို့ ပြောလိုက်ချင်ပါတယ်။
ကျောက်ဆောင်ကြီးကို ဘာဖြစ်လို့ ခေါင်းနဲ့တိုက်ချင်ရတာပါလဲ၊ နာမှန်းသိပါလျက် အနာခံတိုက်လိုက်တာဟာ အကျိုးအမြတ်တစ်ခုတော့ ရှိနိုင်မှာပေါ့လေ။ ပုဂ္ဂိုလ်တစ်ယောက်တည်းကလုပ်သလား၊ အဖွဲ့အစည်းတစ်ခုက သို့မဟုတ်ပါတီတစ်ခုက သို့မဟုတ် အာဏာရှင်ကဲ့သို့ အာဏာရှိသူတစ်စုက လုပ်ခိုင်းလေသလား ဒါတော့ အသေအချာ မပြောနိုင်ပါဘူး၊ ပြောသူသာ ပိုသိနိုင်ပါ လိမ့်မယ်၊ မိမိတို့ကတော့ အဖွဲ့အစည်းကိုလည်း အာရုံမပြုဘူး၊ အစိုးရကိုလည်း အာရုံမပြုဘူး၊ ပြောဆိုသူကိုယ်တိုင်သာ ကိုယ့်စား ကိုယ်တာဝန်ယူပေါ့၊ တာဝန်ရှိသူကလည်း ထိုက်သင့်တဲ့ ဖြေရှင်းမှု အပြစ်ပေးမှုကို ကျေနပ်လောက်အောင် ဆောင်ရွက်ပေးဖို့တော့ လိုအပ်ပါတယ်။
မဟန မဘသ သံဃာအချင်းချင်းသွေးကွဲအောင် ဆောင်ရွက်မိရင် သံဃာသင်းခွဲတဲ့ကံကြီးထိုက်နိုင်တယ်ဆိုတာလည်း ဦးဖြိုးမင်းသိန်း တစ်ယောက် လျင်မြန်စွာ အမြင်မှန်ရနိုင်ပါစေ။ သံဃာ့ကျေးဇူး မြင်းမိုရ်ဦး အထူးကျေအောင် ဆပ်နိုင်ပါစေလို့သာ ဆန္ဒပြုလိုက်ပါတယ်။
ယခင်တုန်းကလည်း စာရေးသူက ''မဘသဟာ ရထားကြီးနဲ့တူတဲ့အကြောင်း'' ဥပမာပေးပြီး ရေးခဲ့ဖူးပါတယ်။ မှန်ပါတယ်။ မဘသ ရထားကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မောင်းနှင်နေဆဲပါ။ ရထားဟာ သူ့လမ်းအတိုင်း သံလမ်းပေါ်မှာပဲ သွားနေတာ ဖြစ်တယ်၊ သူများလမ်းပေါ်မသွားဘူး၊ စည်းမကျော်ဘူး၊ ဘောင်မကျော်ဘူး နယ်မကျော်ဘူး၊ သူ့လမ်း (သံလမ်း)ပေါ်ကိုလည်း သူများလာအကျော်မခံဘူး၊  ကျော်လာရင်လည်း ခေါင်းငုံ့အလေးပြုနေမှာတော့မဟုတ်ဘူး။ သူ့သံလမ်းပေါ်တက်လာသူမှန်သမျှတော့ ကြိတ်ချေခြင်း ခံရမှာပါ။ အကောင်းစားကားကြီးတက်လာလည်း တိုက်ထုတ်မှာဘဲ။ ဆိုက်ကားတက်လာလည်း တိုက်ထုတ်မှာဘဲ။ သမ္မတပဲလာလာ ဝန်ကြီးချုပ်ပဲ လာလာ ရထားကြီးကတော့ ညှာတာမှာမဟုတ်ဘူးလေ၊ သူ့လမ်းသူသွားပြီး တက်လာသူမှန်သမျှကိုလည်း ကြိတ်ချေဝါးမျိုဖို့ ဝန်လေးမှာ မဟုတ်ပေဘူး။ ကိုယ်က သံလမ်းပေါ် မတက်မိအောင် ကြိုးစားရုံမှတစ်ပါး အခြားမရှိပြီ။
မဘသရထားကြီးတော့ မောင်းအားကောင်းကောင်းနဲ့ဆက်လက် မောင်းနင်သွားမှာပါ၊ မဘသရဲ့ အမျိုးဘာသာ သာသနာဆိုတဲ့လမ်းကြောင်းပေါ်တော့ တက်မလာပါနဲ့၊ ခလုတ်တိုက်ဖို့ အပြုတ်တိုက်ဖို့လည်း မကြိုးစားကြပါနဲ့။ ကိုယ်လုပ်ရမယ့်အလုပ်တွေ တိုင်းပြည်မှာ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေကိုသာ အဓိကထားပြီး ဆက်လက်လုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ လူကြီးမင်းတို့ရဲ့ ရက် (၁ဝဝ)ဟာ ရှက်စရာအဖြစ်မျိုးနဲ့ ကြုံရတော့မယ်ဆိုတာတော့ အသိပေးပါရစေ...။

မေတ္တာဖြင့်-
ဒေါက်တာအရှင်သောပါက
၂ဝ၁၆၊ ဇူလိုင်လ (၇)ရက်

No comments: