ပုဂံကနေ ညောင်ဦး ပခုက္ကူအထွက်လမ်းကို ထွက်လာရင် ၁နာရီ ကျော်ကျော်လောက်မောင်းရင် ပခုက္ကူမြို့ကို ရောက်ပါတယ်.. ဧရာဝတီတံတား ပခုက္ကူကျော်ပြီးရင် ပခုက္ကူမြို့ရောက်ပါတယ်.. တံတားကျော်ပြီးပြီးချင်း လမ်းဆုံတစ်ခုရောက်မယ်...လမ်းဆုံကြရင် ညာဘက်ချိုးရင်တော့ ပခုက္ကူမြို့ထဲရောက်တယ်...တည့်တည့်ဆက်သွားရင်တော့ မန္တလေးသွားတဲ့ လမ်းတဲ့..
ပခုက္ကူမြို့ထဲဝင်လာတာနဲ့ သတိထားမိတာ လမ်းတစ်ဘက်တစ်ချက်ဆီက သစ်ပင်စိမ်းစိမ်းကြီးတွေ... စိမ်းစိုနေတာပဲ....
တည်းခိုစရာ
ဟိုတယ်အများကြီးရှိတယ်..တည်းဖြစ်တာတော့ သုခ ဟိုတယ်...လမ်းမတမ်းဆေးရုံကြီးအရှေ့တည့်တည့်မှာ ရှိတယ်...အခန်းခတွေက ၂သောင်းကျော်ကနေ ၆သောင်းကျော်အထိ နှစ်ယောက်ခန်းသုံးယောက်ခန်းရှိတယ်..အထပ်မြင့်မှာလည်းတည်းလို့ရတယ်..လုံးချင်းလေးတွေလည်းရှိတယ်...ကားပါကင်လည်း ကျယ်တယ်..ဆေးရုံကြီးရှေ့မှာမို့ တုတ်တုတ်တွေ သုံးဘီးတွေလည်း ငှါးလို့လွယ်တယ်..ထမင်းဆိုင် လက်ဘက်ရည်ဆိုင်တွေနဲ့လည်း နီးတယ်....ကားဂိတ်လက်မှတ်ဆိုင်တွေနဲ့ နီးတယ်..
တည်းချင်ရင်တော့ လိပ်စာနဲဖုံးနံပါတ်က ဓာတ်ပုံထဲမှာပါပါတယ်...
လည်စရာ
ပခုက္ကူက ဘုရားဖူးအဓိကပေါ့..ဧရာဝတီမြစ်နဲ့ ပခုက္ကူတံတားsight seeing ရှိတယ်....
တုတ်တုတ်သုံးဘီးနဲ့ ဘုရားဖူးလည်ဖို့ အကုန်ငှါးရင် ၁သောင်းလောက်ကျတယ်..ကားငှါးဖို့ကတော့ ဟိုတယ်မှာ မေးကြည့်တာ...၃သောင်းလောက်ရှိတယ်...
ဘုရားဖူးစရာ..
*ရွှေတန့်တစ်သရက္ခန်ဘုရား
သိကြားမင်းက ထုဆစ်လှူဒါန်းတဲ့ ဘုရားထဲမှာ တစ်ဆူအပါအဝင်ပါ.. တစ်ခြားညီအကိုဘုရားတွေက ရှင်မတောင်မှာရယ် ပခန်းစည်တော်ရှင်ရယ် နတ်ပြည်မှာရယ် တည်ထားကိုးကွယ်တယ်..ဘုရားကို တစ်ခါဖူးပြီးရင် ခဏခဏပြန်လာဖူးရတယ်တဲ့...ဘုရားအရွယ်အစားက အရမ်းသေးငယ်ပြီး ကြည်ညိုဖို့ကောင်းပါတယ်.... ပခုက္ကူ မန္တလေးကားလမ်းပေါ် ပခုက္ကူမြို့အထွက် ၆မိုင်ကျော်ကျော်လောက်မှာ ဘုရားကို သွားတဲ့ လမ်းခွဲလေးရှိပါတယ်... အထဲကို ၁မိုင်ကျော်ကျော်ဝင်ပြီး ဘုရားဝန်းကို တွေ့ရပါတယ်.... ဘုရားဝန်းကို ဝင်တာနဲ့ အရမ်းကြီးတဲ့ ခြသေ့င်္ရုပ်ထုကြီးနှစ်ခုကိုတွေ့ရပါတယ်...အခုသွားတော့ ဘုရားကျောင်းဆောင်ကို ပြင်ထားတာမို့ တစ်ခြားကျောင်းဆောင်မှာ ကိန်းဝပ်စံပယ်နေပါတယ်... ဂေါပကလူကြီးတွေပြောပြီး ဘုရားကို ကိုယ်တိုင်ပင့်ကာ ပူဇော်လို့ရပါတယ်...နောက်ဘုရားကို လှူထားတဲ့ သစ်မွှေးသားနဲ့လုပ်ထားတဲ့ ပန်းပုသေတ္တာကြီးကို ကြည့်ခဲ့အုံး..အရမ်းမွှေး အရမ်းလက်ရာမြောက်တယ်...
*ရွှေမုဋ္ဌောစေတီ...
မြို့ထဲမှာပြန်ရင်ဖြင့် ဧရာဝတီမြစ်ကို မေးတင်ထားတဲ့ ရွှေမုဋ္ဌောစေတီကို ဖူးလို့ရပါတယ်... စေတီကို အပြင်ကနေဖူးမျှော်လို့ ရပါတယ်စေတီရဲ့ ဘေးတစ်ဖက်တစ်ချက်စီက ဘုရားရုပ်ထုတွေက ထူးခြားပါတယ်..လက်တော်ကို အကြီးကြီးလုပ်ထားပြီး တစ်ဆူက သင်္ကန်းနဲ့ တစ်ဆူက ပိဋိကတ်၃ပုံ သယ်ဆောင်ထားပါတယ်... စေတီဖူးပြီးရင်တော့ စေတီရဲ့ အပြင်ဘက် ဘုရားဝန်းထဲမှာ ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ အေးအေးလူလူထိုင်ရမယ့် အင်္ဂတေခုံပုလေးတွေရှိပါတယ်...နာမည်ကြီး ရွှေမုဋ္ဌောအသုတ်ဆိုင်က အရွက်မျိုးစုံ ရာသီပေါ်အရွက် တစ်ချို့အရွက်တွေဆို နာမည်တောင်မကြားဖူးဘူး အသုတ်မျိုးစုံမှာစားလို့ရပါတယ်..နည်းနည်းတော့ သန့်ရှင်းမှုအားနည်းပေမဲ့ ဒေသလက်ရာလေး မြည့်စမ်းလို့ရပါတယ်. အသုတ်လေးရယ် ရေနွေးကြမ်းလေးရယ်...ဧရာဝတီမြစ်ကမ်းပါးဘေးမှာ အေးအေးလူလူထိုင်တာရယ် မြစ်လေတဖြူဖြူးတိုက်တာရယ်က ပခုက္ကူရဲ့ အရသာထင်ပါရဲ့..
*ရှင်ပင်တကဲဘုရား
ရှင်ပင်တကဲဘုရားကတော့ မြို့ထဲမှာ ရှိပါတယ်... နာမည်ကြီးတာက ဘုရားကို ပင့်ထားတဲ့ နောက်ခံပလ္လင်ကြီးကြောင့်ပါ...ပလ္လင်က တကဲသားကို သစ်ပင်အတုံလိုက်ကို တိုးလျိုပေါက် ထွင်းထုထာတဲ့ တန်ဖိုးတောင်မဖြတ်နိုင်တဲ့ ပန်းပုပညာပါ... ပန်းခက်ပန်းနွယ် ရုပ်လုံးကြွ ပုတီးစေ့လေးများကို အသေးစိတ်အနုစိတ်သစ်လုံးကြီးပေါ်မှာပဲ ထုထားခဲ့တယ်.. ၁၉၀၈ခုနှစ်က ဆရာဦးကံကြီးနဲ့ သူ့သားနှစ်ယောက်တည်း ထွင်းထုထားတာ..၄နှစ်လောက်ကြာတယ်..အခုအချိန်မှာ အဲဒီလို သစ်ပင်တစ်ပင်လုံးကို ပုံမပျက်ပဲ ရုပ်လုံးကြွထုနိုင်ဖို့ တော်တော်ခက်ပြီး အချိန်ပေးရမယ်... တန်ဖိုးတောင်မဖြတ်နိုင်တဲ့ ကမ္ဘာကျော်တဲ့ မြန်မာလက်မှုပညာကို သွားကြည့်သင့်ပါတယ်..
*သီဟိုဠ်ရှင်ဘုရားကြီး..
ပခုက္ကူသီဟိုဠ်ရှင်ဘုရားကတော့ မရောက်မဖြစ်ပါ... သီဟိုဠ်ဘုရင်ကြီးကညအလောင်းစည်သူမင်းကြီးကို ဆက်သခဲ့တဲ့ ဘုရားကြီးပါ လက်ဝဲတော်ရံနဲ့ လက်ယာတော်ရံနဲ့ စုစုပေါင်း သုံးဆူကို ဖူးမျှော်ရမှာပါ.. သတိထားမိတာ ရှေးခေတ်မြန်မာတွေများ ဘယ်လောက်ချမ်းသာသလဲဆို တိုင်လုံးကိုတောင် ရွှေရုပ်ထုတွေကပ်ထားလို့ အခုတော့ တိုင်ကို မှန်နဲ့ ကာထားရပါတယ်...ဝါဆိုလပြည့်နဲ့နီးနေလို့ ဝါဆိုပန်းလေးတွေလည်း ကပ်ခဲ့လို့ရပါတယ်...
ပခုက္ကူsightseeing
ပခုက္ကူမြို့ကို sightseeingnထွက်ရင် တစ်မြို့လုံးကို တုတ်တုတ်လေးငှါးပြီးသွားကြည့်ပါ...ဈေးတွေထဲပတ်ကြည့်ပါ..မဝယ်မဖြစ်က ပခုက္ကူစောင်နဲ့ ယောအထည်တွေပါ... ယောလက်သုတ်ပဝါတွေက ၁၀ထည်ဈေးကို ၃၅၀၀ကျပ် ယောသဘက်တွေကညတစ်ထည် ၁ထောင်ကနေ ၃၅၀၀ကျပ် ပခုက္ကူစောင်တွေက ၈ထောင် ကနေ ၂သောင်းခွဲအထိရှိတယ်...ယောပုဆိုးအစစ်ဆို ၇ထောင်ကျော်ကနေ စရှိတယ် ယောလုံချည်ဆို ၁သောင်း၂ထောင် ယောဝမ်းဆက်ဆို ၁သောင်း၅ထောင်လောက်အထိရှိတယ်..လက်ဆောင်ပေးလို့ကောင်း တဲ့ အမှတ်တရပစ္စည်းလေးတွေပါ..
ဘုရားတွေ ဖူးလို့ပြီးရင် ပစ္စည်းတွေဝယ်လို့ ပြီးရင် အစားအသောက်ပေါ့..
ပခုက္ကူမှာ ဘူဖေးကတော့ နာမည်ကြီးပါတယ်..ထိပ်တန်းဘူဖေးကတော့ တော်တော်လူစားများပါတယ်... ဟင်းပွဲ ၃၀လောက်ချပေးပြီး တစ်ယောက်ကို ၃ထောင်ကျပါတယ်..
နောက်တစ်ဆိုင်ကတော့ လာဘဒံပေါက်ဆိုင်ပါ... သက်သက်လွတ်ဒံပေါက်ဆို ၅၀၀ အသားတစ်တုံးကို ၆၀၀နဲ့ ပခုက္ကူဒံပေါက်အရသာလေးက မအီမဆိမ့်လေးပါ..ချဉ်ပေါင်ဟင်းချိုနဲ့ ပဲဆူးပုတ်ဟင်းရည်နဲ့ ငရုပ်သီးကြော်လည်း စားလို့ကောင်းပါတယ်.... သက်သက်လွတ်စားတဲ့ လူအတွက်တောင် တော်တော်စားမြိန်ပါတယ်...
ညနေပိုင်း စားသောက်လို့လည်းပြီး ဘုရားဖူးလို့လည်းပြီးရင်တော့ ဧရာဝတီမြစ်ကူးတံတားဆီကိုသွား အေးအေးဆေးဆေးလေညှင်းခံ လမ်းလျှောက်...sunset ကြည့်ရင်းနဲ့ ပခုက္ကူတစ်ရက်ခရီးစဉ်ပြီးပါပြီ..
Please follow:
https://m.facebook.com/esdotravel/
No comments:
Post a Comment