Monday, July 4, 2016

ကလေးမြို့ နေရဉ္စရာမြစ် အထက်ဖျားမှ ရေအမြင့်ပေ ၃၀ ခန့် ရုတ်တရက် တက်လာ၍ တည်ဆောက်ဆဲ နုန်းတားဆည်သုံးခု မျောပါပျက်စီး

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ ရာဇဂြိုဟ်ဆည်၏ အထက်ဘက်တွင် နုန်းတားဆည်သုံးခု ရေမျော ပျက်စီးခဲ့ပြီးနောက် တွေ့ရစဉ်

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ ရာဇဂြိုဟ်ဆည်၏ အထက်ဘက်တွင်  ဇူလိုင် ၃ ရက် နံနက် ၉ နာရီခန့်က ရေအမြင့်ပေ ၃၀ ခန့်အထိ မြင့်တက်လာပြီး ရာဇဂြိုဟ်ဆည်၏ အထက်ဘက်တွင် တည်ဆောက်လျက်ရှိသော နုန်းတားဆည် သုံးခု ရေမျောပျက်စီးခဲ့ပြီး အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှ စက်ကြီးနှစ်စီး အပါအ၀င် ဆိုင်ကယ်များလည်း ရေမျောခဲ့သည်ဟု အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၏ ပြောပြချက်အရ သိရသည်။

“အဖြစ်အပျက်က မနက် ၉ နာရီကျော်ခန့်က ၀ုန်းခနဲအသံကြီးနဲ့ ရေတွေတက်လာတယ်။ ကျွန်တော်တို့ ပြေးလို့မလွတ်ဘူး။ အခု ကျွန်တော်တို့နေတဲ့ နေရာက နုန်းတားဆည် နံပါတ် (၃) ဆောက်နေတဲ့ နေရာမှာပဲ။ ရေတွေ ရုတ်တရက် တက်လာတော့ ပေ ၅၀ လောက်အတွင်း ပြေးလို့မလွတ်ဘူး။ အဲဒီနေရာက နေရဉ္စရာမြစ်ရဲ့ တံတောင်ဆစ်ကွေ့လို့ ခေါ်တဲ့နေရာမှာ နုန်းတားဆည်လုပ်တဲ့ လုပ်သားတွေနဲ့ အင်ဂျင်နီယာအဖွဲ့တွေရယ်၊ ကျွန်တော်တို့တဲတွေ အကုန် ရေနဲ့မျောကုန်တယ်။ အမြင့်ပိုင်းကျတဲ့ တဲနှစ်လုံးလွတ်တယ်။  စက်ကြီး နှစ်စီး ရေနဲ့မျောသွားတယ်။ ဆိုင်ကယ်တွေ မျောသွားတယ်။ ကားရယ်၊ စက်ကြီးတစ်စီးရယ် ကျန်ခဲ့တယ်။ ကျွန်တော်တို့နေတဲ့ နေရာက အမြင့်ပိုင်း သိပ်မကျန်တော့ဘူး။ ရေက ချက် ချင်းကျသွားလို့။ ဒါမှ မဟုတ်ရင် မလွယ်ဘူး။ အဲဒီနားလေးမှာ လူအယောက် ၂၀ လောက် ပိတ်မိသွားတယ်။ ရေကျသွားတာကလည်း မြန်တယ်။ နှစ်နာရီလောက်ပဲ ကြာမယ်။ ရေက ပေ ၃၀ လောက်အထိ ရုတ်တရက်ကြီး မြင့် တက်လာတာ။ ရေချက်ချင်းပြန်ကျသွားလို့ သာ ရေဆက်တက်လာမယ်ဆိုရင် ကျွန်တော်တို့သေပြီ။ အခု လူထိခိုက်မှု မရှိပါဘူး” ဟု နုန်းတားဆည် တည်ဆောက်ရာတွင် လက်သမားဆရာအဖြစ် လုပ်ကိုင်နေသူ ကိုဝင်းကြိုင်က ပြောကြားသည်။

နုန်းတားဆည်သုံးခုမှာ ရာဇဂြိုဟ်ဆည်၏ အထက်ဘက်တွင် ရာဇဂြိုဟ်ဆည်အတွင်း အနည်အနှစ်များ မကျစေရန် အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်ရန်အတွက် ချပေးခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်ဟု သိရသည်။ နေရဉ္စရာမြစ်ရေ တက်လာမှုကြောင့် ရာဇဂြိုဟ်ဆည်၏ အောက်ဘက်ကျေးရွာအချို့၏ အနိမ့်ပိုင်းတွင် ရေ၀င်မှုဖြစ်ပွားခဲ့ပြီး စိုက်ပျိုး ရန် ပြင်ဆင်နေသော လယ်မြေအချို့ ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။ ဇူလိုင် ၃ ရက် မနက်ပိုင်းတွင် မြေပြိုဆည် ကန်ပေါက်ကျသည့် နေရဉ္စရာမြစ်မှ ရေများရုတ်တရက် မြင့်တက်လာသည်ဟူသော ကလေးမြို့တွင် ကောလာဟလများ ဖြစ်ခဲ့ပြီး ကလေးမြို့ပေါ်ရှိ ဒေသခံများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“အခု ရေတက်တာက နေရဉ္စရာချောင်းဖျား ( မြစ်ဖျား ) မှာ မိုးများလို့ ဖြစ်တာလို့လဲ ပြောတယ်။ ဒါပေမဲ့ မိုးများတယ်ဆိုရင် ဒီလို ရုတ်တရက်ရေတွေ မြင့်တက်လာပါ့မလား။ မိုးကလည်း ပြီးခဲ့တဲ့ နှစ်ရက် (သောကြာနေ့ ) ကတည်းက မပြတ်ရွာသွန်းနေတာ အခု အချိန်အထိလို့  ပြောပါတယ်။ ဒါပေမဲ့ ရုတ်တရက် ရေမြင့်တက်လာတယ် ဆိုတာ ရေစုဝေးရာ တစ်နေရာရာကနေ ပေါက်ကျလာသလိုပဲ။ ကျွန်တော်တို့ကတော့ နေရဉ္စရာချောင်းဖျားဘက်၊ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်ကျေးရွာအနီးမှာရှိတဲ့ မြေပြိုကန်ငယ်လား ကန်ကြီးလာ ပေါက်ကျတယ်လို့လည်း ယူဆပါတယ်။ ဒါပေမယ့် အဲဒီဘက်ကလည်း ဘာသတင်းမှ မကြားရတော့ မြေပြိုကန်ပေါက်ကျတယ်ဆိုတာ အတိအကျ ပြောလို့မရဘူး” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

အဆိုပါ ရေကျဆင်းလာမှုကြောင့် ရာဇဂြိုဟ်ဆည်အတွင်း ရေများ ရုတ်တရက်မြင့် တက်လာပြီး ညနေပိုင်းတွင် ရေတဖြည်းဖြည်း ကျဆင်းသွားပြီး ရေစီးနှင့် ပါလာသော သစ်တုံးများ အမှိုက်များ ပိတ်ဆို့မှုမရှိရန် ဆည်ဝန်ထမ်းများ စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

ရာဇဂြိုဟ်ဆည်တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဆည်ဝန်ထမ်းများ အလှည့်ကျ စောင့်ရှောက်လျက် ရှိသည်ဟု သိရသည်။

Writer: 

အောင်သူထွန်း (ကလေး)

No comments: