Tuesday, July 5, 2016

အွန်လိုင်းမှာ သူငယ်ချင်း ဘယ်လိုရွေးချယ်မလဲ -----------------------------------


ဖေ့ဘွတ်လိုမျိုး လူမှုကွန်ရက်တွေကို အသုံးပြုမှု များလာတဲ့အချိန်မှာ အွန်လိုင်းကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာမျိုးတွေအပါအဝင် အခြား ခြိမ်းခြောက်နှောင့်ယှက်ခံရတာမျိုးတွေရှိလာပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအပေါ် စော်ကားပြောဆိုတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဖြစ်ရပ်တွေကိုလေ့လာကြည့်ရင် ပြည်တွင်းကဖေ့ဘွတ်စ်အသုံးပြုသူအများစုဟာ ကိုယ့်ကိုသူငယ်ချင်းအဖြစ် လာ Add သမျှကို လက်ခံထားကြပြီး ကိုယ်ကလည်း လိုက် Add ကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဓာတ်အပြုအမူမကောင်းတဲ့ သူတစ်ယောက်ပါလာရင် ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒီတစ်ပတ်အတွက်တော့ အွန်လိုင်းမှာ သူငယ်ချင်းအဖြစ် ဘယ်လိုလူတွေကို ရွေးချယ်ထားမလဲ။ ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သူဘာတွေ မျှဝေရေးသားနေသလဲ
----------------
ကိုယ်အပြင်မှာမသိတဲ့သူတစ်ယောက်က သူငယ်ချင်းအဖြစ်တောင်းဆိုလာတာပဲဖြစ်ဖြစ်၊ ကိုယ်က တောင်းဆို တော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ် သူ့ရဲ့ စာမျက်နှာမှာသူဘာတွေကို ရေးသားလေ့ရှိသလဲ၊ ဘာတွေကို မျှဝေတတ်သလဲ ဆိုတာကိုလေ့လာပါ။ ကိုယ့်စရိုက်နဲ့ မကိုက်ညီရင် သူငယ်ချင်းအဖြစ် လက်မခံတာပိုကောင်းပါတယ်။ ဥပမာအား ဖြင့် ညစ်ညမ်းဓာတ်ပုံတွေကို မျှဝေနေတတ်သူဆိုရင် ကိုယ့်အတွက် တကယ့်အမှိုက်ပဲမဟုတ်လား။

ဒါ့အပြင် ဘာသာရေး၊ နိုင်ငံရေး ဝါဒမှိုင်းတိုက်နေတဲ့သူတွေကိုလည်း မိတ်ဆွေသူငယ်ချင်းအဖြစ် လက်မခံထားရင် ကိုယ့်အတွက် စိတ်အနှောင့်အယှက်မဖြစ်ရတော့ဘူးပေါ့။

ကိုယ်ရေးအချက်အလက်
-------------
သူဖော်ပြထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို လေ့လာပါ။ တချို့ကမဖော်ထားပေမယ့်လည်း ကိုယ့်အတွက် အကျိုးမယုတ်နိုင်ပေမယ့် တချို့သူတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာမျိုးဆိုရင်တော့ မိတ်ဆွေအဖြစ် လက်မခံတာပိုကောင်းပါလိမ့်မယ်။

လူမှုဆက်ဆံရေး
---------

သူ့ရဲ့ မျှဝေရေးသားထားတဲ့ စာတွေ၊ ဓါတ်ပုံတွေမှာ သူ့ရဲ့သူငယ်ချင်းတွေ ဘယ်လိုတုံ့ပြန်ထားသလဲ ကြည့်နိုင်ပါ တယ်။ ဒီကနေပြီး သူဘယ်လိုလူမျိုးဆိုတာကိုလည်း လေ့လာနိုင်မှာပါ။ ကိုယ့်အတွက် အကျိုးမရှိ၊ အနှောင့်အယှက်ဖြစ်နိုင်တဲ့သူမျိုးဆိုရင် အစကတည်းက သူငယ်ချင်းအဖြစ် လက်မခံခဲ့တာပိုကောင်းပါလိမ့်မယ်။

လူမှုကွန်ရက်မှာ မိတ်ဆွေစစ်ကိုရနိုင်သလား
----------------------

ကိုယ်တိုင်က ရိုးရှင်းပွင့်လင်းမယ်ဆိုရင်တော့ မိတ်ဆွေစစ်ကိုရနိုင်ပါတယ်။ ဒါပေမဲ့ အသေအချာရွေးချယ်စိစစ်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။ လူမှုကွန်ရက်ပေါ်မှာ သူဘယ်လိုနေထိုင်သလဲ၊ ဘာတွေလုပ်ကိုင်သလဲ စတဲ့ အမူအကျင့်တွေကို မလေ့လာဘဲ မျက်လုံးမှိတ်မယုံကြည်ဖို့တော့ လိုအပ်ပါတယ်။ လူမှုကွန်ရက်ကနေ မိတ်ဆွေစစ် မရနိုင်ဘူးလို့ ယတိပြတ်မပြောနိုင်ပေမယ့် အရာရာမှာ ယုံကြည်မှု မလွန်ကဲဖို့ လိုအပ်ပါတယ်။

အထက်ပါ အချက်တွေကို အွန်လိုင်းမှာ ဘယ်လိုလူတွေကို ကိုယ့်ရဲ့ သူငယ်ချင်းအဖြစ် ရွေးချယ်ရမလဲ ဆိုတာအတွက် အထောက်အပံ့ဖြစ်စေဖို့ ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

No comments: