Tuesday, July 5, 2016

သတ်မှတ်ရက်အတွင်းမပြီးသည့် ဆင်ဆာမီးပွိုင့်များတပ်နေသော ကုမ္ပဏီကို တစ်ရက်လျှင် တစ်သိန်းဒဏ် ရိုက် မည် ------------------------------------------------------


ရန်ကုန်၊ဇူလိုင် ၎

ရန်ကုန်မြို့တွင်း ဆင်ဆာစနစ်သုံး မီးပွိုင့်များ တပ်ဆင်ရန် သတ်မှတ်ထားသည့် ဩဂုတ်လ ၁ ရက်တွင် မပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသည့် ကုမ္ပဏီကို နေ့စဉ် တစ်ရက်လျှင် ကျပ် တစ်သိန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးပွိုင့်နှင့်ထိန်းချုပ်စင်တာကို လုပ်ငန်းစတင်သည့် ဖေဖော်ဝါရီလမှ ဇူလိုင်လ ကုန်ထိ ခြောက်လအတွင်း အပြီးတပ် ဆင်ရန် သတ်မှတ်ထားပြီး လက်ရှိတွင် မီးပွိုင့် ၁၅၄ ခု အနက် ၄၈ ခုကို တပ်ဆင်ပြီးဖြစ်သည့်အပြင် ထိန်းချုပ် စင်တာ မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

“နှစ်ဦးသဘောတူစာချုပ်မှာ သတ်မှတ်ကာလဖြစ်တဲ့ ဩဂုတ် ၁ရက်နေ့မှာ အပြီးတပ်ဆင်ရပါမယ်။ သတ်မှတ် ရက်အတွင်းမပြီးစီးရင် တစ်ရက်ကို ဒဏ်ငွေတစ်သိန်းဒဏ်ရိုက်သွားမှာပါ။ဒီ Sensor စနစ်သုံး မီးပွိုင့်တွေ တပ် ပြီးရင် ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျသွားမှာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်ပေါင်း ၁၇၅ ခုတွင် မီးပွိုင့်ပေါင်း ၁၅၄ ခုကို ဆင်ဆာစနစ်သုံးမီးပွိုင့်များအဖြစ် ပြောင်းလဲ တပ်ဆင်လျက်ရှိသည့်အပြင် ထပ်မံ၍ ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့တွင် ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။

ဆင်ဆာမီးပွိုင့်များမှာ ယာဉ်အမျိုးအစား၊ အချိန်၊ ယာဉ်နံပါတ်နှင့် ယာဉ်ပေါ်တွင် ခါးပတ်ပတ်ခြင်းရှိ၊ မရှိနှင့် လမ်း ပြောင်းပြန်မောင်းနှင်ခြင်းရှိ၊ မရှိကို စစ်ဆေးစောင့်ကြည့်အရေးယူနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်၁၅၄ ပွိုင့်နှင့် အဝိုင်းသုံးဝိုင်းတို့တွင် အသုံးပြုမည့် ဆင်ဆာစနစ်သုံးမီးပွိုင့်နှင့် ယင်း မီးပွိုင့်ကို ထိန်းချုပ်မည့် Control Center  တည်ဆောက်မှုကို ပြည်တွင်းကုမ္ပဏီဖြစ်သော ရွှေယင်းနှင့် တရုတ် အစိုးရပိုင်ကုမ္ပဏီ တစ်ခုတို့က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယင်းတပ်ဆင်ခြင်းအတွက် ငွေကျပ် ၃၈ ဒသမ ၉၂ ဘီလီယံကုန်ကျနိုင်ကြောင်း အဆိုပါကော်မတီထံမှ ဆက်လက်သိရှိရသည်။

No comments: