Thursday, July 14, 2016

ရဲမှူးကြီး ၁၄ ဦးကို ပြောင်းရွှေ့တာဝန် ပေးအပ် ---------------------------

ရဲမှူးကြီး ၁၄ ဦးကို ပြောင်းရွှေ့တာဝန် ပေးအပ် --------------------------- ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးက ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၄ ဦးကို ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။ မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး ထွန်းမင်းကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးမျိုးဆွေကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး ဝင်းဗိုလ်ကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး အောင်စိုးဝင်းကို မှုခင်းဌာန ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ မှုခင်းရဲတပ်ဖွဲ့ စီမံရေးနှင့် အုပ်ချုပ်ရေး ဌာနမှူး ရဲမှူးကြီး ရဲမြင့်ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းမှူးအဖြစ် လည်းကောင်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်ကို မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးသူစိုးကို ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်ကို သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး ဇော်ဝင်းအောင်ကို နေပြည်တော် ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ သတင်းရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ဟန်ကို လုံခြုံရေးဌာန ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့သည်။ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှ ဒုကွပ်ကဲမှူး ရဲမှူးကြီး နိုင်ဝင်းကို အမှတ် (၄ ) လုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲမှူးအဖြစ် လည်းကောင်း သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထက်လွင်ကို ရဲလေ့ကျင့်ရေးဌာနကြီး ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ်အဖြစ်လည်းကောင်း၊ အမှတ်(၄) လုံခြုံရေး ရဲတပ်ဖွဲ့ ဒုကွပ်ကွဲမှူး ရဲမှူးကြီး ဇေယျာဟန်ကို အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ ဒုကွပ်ကဲမှူးအဖြစ်လည်းကောင်း၊ ရဲလေ့ကျင့်ရေး ဌာနကြီး ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးကြီး လှိုင်တင်ကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းမှူးအဖြစ်လည်းကောင်း အသီးသီး ပြောင်းရွှေ့တာဝန် ပေးအပ်ခဲ့သည်။ ယင်းအပြင် ဒုတိယ ရဲမှူးကြီးမှ ရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့် ခံရသော မှုခင်းရဲတပ်ဖွဲ့ခွဲ (၃) မှ ဒုရဲမှူးကြီး မြင့်အေးမှာ မှုခင်းရဲတပ်ဖွဲ့ စီမံရေးနှင့် အုပ်ချုပ်ရေး ဌာနမှူးအဖြစ် လည်းကောင်း၊ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းမှ ဒုရဲမှူးကြီး လှသန်းမှာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းမှူးအဖြစ် လည်းကောင်း၊ ရထားရဲတပ်ဖွဲ့ ဦးစီးအရာရှိ ဒုရဲမှူးကြီး လေးစိုးမှာ နေပြည်တော် ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ အမှတ်(၄) လုံခြုံရေးရဲ ကွပ်ကဲမှု အဖွဲ့မှ ဒုရဲမှူးကြီး စံရွှေမောင်မှာ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန် ပေးအပ်ခံရသည်။ ထိုသို့ ပြောင်းရွှေ့တာဝန် ပေးအပ်ခံရသော ရဲမှူးကြီး ၁၄ ဦးတွင် ရဲစစ်စစ်ဖြင့် တပ်ဖွဲ့မှူး ဒုတပ်ဖွဲ့မှူး ညွှန်ကြားရေးမှူးများအဖြစ် ပြောင်းရွှေ့တာဝန် ပေးအပ်ခံရသူ လေးဦးသာ ပါဝင်ခဲ့ပြီး ဒုရဲမှူးကြီးမှ ရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ လေးဦးတွင် ရဲစစ်စစ် နှစ်ဦး ပါဝင်ခဲ့ကြောင်း ကျန်ပုဂ္ဂိုလ်များမှာ တပ်မတော်မှ ရဲတပ်ဖွဲ့သို့ ကူးပြောင်းလာသူများဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

No comments: