ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ဦးခွန်ထွန်းဦး ၊ ကေအိုင်အေ ၊ SSA
မြောက်ပိုင်း ၊ TNLA တို့မတက်
-------- ------ -------
နေပြည်တော်တွင် လာမည့် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဦးခွန်ထွန်းဦးနှင့် ၄င်း၏ ပါတီဖြစ်သည့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ထိပ်သီးခေါင်းဆောင်များ ၊
ကေအိုင်အေ ၊ ရှမ်းမြောက် SSPP/SSA ၊ တအာင်းအမျိုးသား တပ်ဖွဲ့ TNLA/PSLF တို့
တက်ရောက်မည် မဟုတ်ကြောင်း သက်ဆိုင်ရာ အဖွဲ့စည်းများထံမှ သိရသည်။
"ပါတီက ကိုယ်စားလှယ်ကတော့ လေးယောက်လောက် လူငယ်တွေ လွှတ်မယ်။
အတွေ့အကြုံ ရအောင်ပေါ့ ။ ဦးခွန်ထွန်းဦးအပါဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ
ကတော့ တက်မှာ မဟုတ်ဘူး။ တက်လည်း အားလုံးမှ မပါနိုင်တော့ ဘာမှ ထူးမှာ
မဟုတ်ဘူးလေ " ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က
ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် အစိုးရတို့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်
ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီး နောက်ပိုင်း နိုင်ငံရေး ပြသ၁နာများ ဆွေးနွေးရန်
အတွက် ကျင်းပမည့် အဆိုပါ ငြိမ်းချမ်းရေး ညီလာခံသို့ လက်မှတ်ထိုးရန် အသင့်
မဖြစ်သေးသည့် အဖွဲ့များကို ဖိတ်ကြားခဲ့သော်လည်း အဆိုပါအဖွဲ့များမှာ နိုင်ငံရေး
ဆွေးနွေးခွင့်ရရှိမည် မဟုတ်သောကြောင့် ကေအိုင်အေအပါဝင် လက်မှတ်မရေးထိုး
ထားသော အဖွဲ့များ တက်ရောက်မည် မဟုတ်ကြောင်း သက်ဆိုင်ရာ အဖွဲ့စည်းများ
ထံမှ သိရသည်။
"ကေအိုင်အိုကတော့ မတက်ဘူး။ မတက်ရတာက နိုင်ငံရေး ဆွေးနွေးခွင့် မရှိလို့ပဲ"
ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့မှ အကြံပေးတစ်ဦးကလည်း
The Ladies News သို့ပြောသည်။
ဇန်န၀ါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံသို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး အစိုးရ၊ နိုင်ငံရေး
ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နှင့် ကိုယ်စားလှယ် ခုနစ်ရာ
တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးမှုတွင် လက်မှတ်
မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ၀င်ရောက် ဆွေးနွေးခွင့်
ရရှိမည် မဟုတ်ပေ။ ယင်းညီလာခံသို့ UWSA “၀” တပ်ဖွဲ့ ၊ မိုင်းလားအဖွဲ့တို့မှာ
ယခင်ကတည်းက တက်ရောက်မည် မဟုတ်ကြောင်း ကြေညာထားပြီး
ရှမ်းတပ်မတော် မြောက်ပိုင်းမှာလည်း တက်ရောက်မည် မဟုတ်ကြောင်း SSPP/SSA
ပြန်ကြားရေးဌာနမှ တာဝန်ရှိသူများကလည်း The Ladies News သို့ အတည်ပြု
ပြောဆိုသည်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် မထိုးသေးတဲ့ အဖွဲ့တွေက
တက်လည်း သိပ်ထူးမှာ မဟုတ်ဘူးလေ။ ပစ်ခတ် တိုက်ခိုက်နေတဲ့ နေရာတွေက
လည်း ရှိနေသေးတယ်။ အပစ်မှမရပ်သေးပဲ" ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။
ဦးခွန်ထွန်းဦးကဲ့သို့ပင် အန်အယ်လ်ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ အခမ်းနားသို့ တက်ရောက်မည် မဟုတ်ဘဲ
အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်အချို့သာ စေလွှတ်မည် ဖြစ်သဖြင့် လာမည့်
ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကျင်းပခဲ့သည်ဆိုရုံ
အဆင့်လောက်သာ ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံရေးအရ ရလဒ်ထွက်လာရန်
မလွယ်သေးကြောင်း အကဲခတ်များက သုံးသပ်ကြသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မရေးထိုးထားသည့် အဖွဲ့အများစုမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးလိုသည်ဟု
ကြေညာထားသည် ဟုလည်း မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, January 7, 2016
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ဦးခွန်ထွန်းဦး ၊ ကေအိုင်အေ ၊ SSA မြောက်ပိုင်း ၊ TNLA တို့မတက် -------- ------ -------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment