Friday, January 8, 2016

နိုင်ငံရေးဆွေးနွေးပွဲမတက်ရန် 'ဝ' တပ်ဖွဲ့ဆုံးဖြတ်

နိုင်ငံရေးဆွေးနွေးပွဲမတက်ရန် 'ဝ' တပ်ဖွဲ့ဆုံးဖြတ်

7-1-2016

ဇန်နဝါရီလ ၁၂ရက်နေ့တွင် စတင်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲသို့ အထူးဧည့်သည်တော်အနေဖြင့် ဖိတ်ကြားခံထားရသော 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ယင်းဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ဟုဆုံးဖြတ်ထားကြောင်း UWSA ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းကပြောကြားသည်။

UWSA သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ်တက်ရောက်ရန်အတွက် အစိုးရကဖိတ်ကြားထားခြင်းဖြစ်သောကြောင့် UWSA က ပေါလစ်ဗျူရိုအစည်းအဝေးခေါ်ယူပြီးနောက် မတက်ရောက်ရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“UWSAက ဆွေးနွေးပွဲကိုမသွားဘူးလို့ဆုံးဖြတ်ပါတယ်၊ ပေါလစ်ဗျူရိုကဆုံးဖြတ်တာပါ၊ ဘာကြောင့်လဲဆိုတာကိုတော့ ပြောလို့အဆင်မပြေသေးဘူး၊ ဒီလောက်ပြောရင်လုံလောက်မယ်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

အလားတူနိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရန်ဖိတ်ကြားခံထားရသော UWSA နှင့်မဟာမိတ်ဆက်ဆံရေးရှိသည့် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့၏ ဆုံးဖြတ်ချက်ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိကြောင်း ဦးကျောက်ကော်အန်းကရှင်းပြသည်။

“မဟာမိတ်ဆက်ဆံရေးဆိုပေမယ့် ဟိုဘက်အဖွဲ့၊ ဒီဘက်အဖွဲ့ဖြစ်နေတော့ သူတို့ဆုံးဖြတ်ချက်ကို ဒီဘက်ကကျော်ပြောတာမကောင်းပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါမိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (အမျိုးသားဒီမိုကရေစီမဟာမိတ်-NDAA) ပြောရေးဆိုခွင့်ရှိသူထံသို့ The Voice ကဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိသေးပေ။

'ဝ' နှင့်မိုင်းလားလက်နက်ကိုင်များကို နိုင်ငံရေးဆွေးနွေးပွဲများတက်ရောက်ရန်အတွက် ဒီဇင်ဘာလဒုတိယပတ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်နယ်မြေများသို့ သွားရောက်ဖိတ်ကြားခဲ့သော်လည်း အဖွဲ့အစည်းများအတွင်း အစည်းအဝေးပြုလုပ်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုခဲ့သည်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) တို့သည် ၁၉၈၉ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲပြီးနောက်ပိုင်း ပေါ်ပေါက်လာသောလူမျိုးစုအခြေပြု လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် အခြေစိုက်သည်။

ယင်းအဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း အင်အားကြီးသောအဖွဲ့များဖြစ်ကာ အဖွဲ့အစည်းနှစ်ခုအတွင်း မဟာမိတ်ဆက်ဆံရေးကိုလည်း ထူထောင်ထားသည်။
ထို့အပြင် ယင်းအဖွဲ့များသည် အစိုးရနှင့်ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီထားပြီးနောက် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသောကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးရန်မလိုအပ်ဟုဆိုကာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။

သို့သော်လည်း NCA သဘောတူညီချက်အရ ပြုလုပ်မည့်နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၆ခုနှစ်ဇန်နဝါရီလ၁၂ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော လက်နက်ကိုင်အဖွဲ့များကိုလည်း လေ့လာသူအဖြစ်ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ကထုတ်ပြန်ကြေညာထားသည်။

ယခုနှစ်အတွင်း တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်-MNDAA) ၊ ရခိုင့်တပ်မတော် (AA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကိုမူ နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း UPWC ထံမှသိရသည်။

The Voice Weekly


No comments: