Wednesday, January 13, 2016

မိန်းကလေး ၆ ဦးအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်သူကို ဖော်ထုတ်အရေးယူ

မိန်းကလေး ၆ ဦးအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်သူကို
ဖော်ထုတ်အရေးယူ
-------- -------- --------
ရန်ကုန်တိုင်းဒေသကြီးမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေး အပါအဝင် အသက်
၁၆ နှစ်မှ ၂၁ နှစ်အထိ မိန်းကလေးငယ် ၆ ဦးအား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတွင်
အခကြေးငွေ ရယူခိုင်းစေပြီး ရရှိသည့် ငွေကြေး အပေါ် ခေါင်းပုံဖြတ်ရယူသူ
မဝေ (ခ) ဒေါ်ဝေဝေဦး၊ ၅၂ နှစ် ကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပ မြို့မရဲစခန်း
မှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
အဆိုပါအမှုကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၆ ရန်ကုန်၊
ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)၊ လူမှုဝန်ထမ်း
ဦးစီးဌာနမှ ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့နှင့် Save
The Children အဖွဲ့တို့ ပူးပေါင်း ဖော်ထုတ်ကာ ဇန်နဝါရီ ၁၁ ရက် ညသန်းခေါင်
ကျော် ၁၂း၅၀ နာရီတွင် တောင်ဥက္ကလာပ မြို့မရဲစခန်း၌ (ပ) အမှတ် ၁၉/၂ဝ၁၆၊
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားခြင်း
ဖြစ်သည်။
အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား မဝေ ဆိုသူ အမျိုးသမီးမှ လိင်ပိုင်းဆိုင်ရာ
ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီး
နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၆ ရန်ကုန်မှ စုံစမ်းခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်နေ့တွင် တပ်ဖွဲ့စု ၆ ရန်ကုန်မှ တပ်ဖွဲ့စုမှူးး ရဲမှူး ရဲဝင်းအောင်နှင့်
အဖွဲ့သည် ၁၃ နှစ်အရွယ် မ--- အား ကယ်တင်နိုင်ရေးနှင့် လိင်ပိုင်းဆိုင်ရာ
ခေါင်းပုံဖြတ်သူ မဝေ ဆိုသူအား စုံစမ်းဖော်ထုတ်ရန် မဝေ ကိုင်ဆောင်သည်ဟု
သိရသော ဖုန်းသို့ ဆက်သွယ်ကာ နိုင်ငံခြားသား တစ်ဦးမှ ချိတ်ဆက်စေကြောင်း
ပြောကြား၍ မ--- အား ပို့ဆောင်ပေးလေ့ရှိသော Motel တစ်ခုသို့ ချိန်းဆိုပြီး မ - - -
အား ကယ်တင်ခဲ့သည်။
အသက် ၁၃ နှစ်အရွယ် မ- - - အား တပ်ဖွဲ့စု ၆ ရန်ကုန်ရုံးသို့ ခေါ်ဆောင်ကာ
တွေ့ဆုံမေးမြန်းချက်များအရ မ - - - ၁၃ နှစ် သည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ
ဖြစ်ပြီး စီးပွားရေး အဆင်မပြေသဖြင့် လွန်ခဲ့သော ၆ လခန့်က မိခင်ဖြစ်သူမှ
ယခင်က သိကျွမ်းသူ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ စစ်ကိုင်း ၂၆ လမ်း၊
အမှတ် ၇၁၄ တွင် နေထိုင်သည့် မဝေ (ခ) ဒေါ်ဝေဝေဦး၊ ၅၂ နှစ်ထံသို့ အလုပ်
လုပ်ကိုင်ရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မဝေသည် မိခင်ဖြစ်သူ၏ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး မ - - - အပါအဝင်
အခြား မိန်းကလေးများအား Night Club သို့ ပို့ဆောင်ကာ Night Club တွင်
လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များနှင့် ချိတ်ဆက်၍ ဟိုတယ်/
မိုတယ်များ၌ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေစေကြောင်း သိရသည်။
မ - - - ကိုယ်တိုင်ပင် ၆ လတာ ကာလအတွင်း လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှု အကြိမ်
၁၂ဝ ခန့် လုပ်ကိုင်ခဲ့ရပြီး လိင်ဖျော်ဖြေမှု ကိစ္စမှ ရရှိသော ငွေကြေးအပေါ် မဝေမှ
ခေါင်းပုံဖြတ် ရယူခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှု တစ်ကြိမ်လျှင် ၈ဝ,ဝဝဝိ/-
ခန့် ရရှိပြီး မဝေမှ ရရှိငွေအပေါ် ၅ဝ ရာခိုင်နှုန်း ခေါင်းပုံဖြတ် ရယူကြောင်း၊ မဝေ၏
နေအိမ်၌ မ- - - ကဲ့သို့ အခြားမိန်းကလေးများ ရှိနေကြောင်း မေးမြန်းသိရှိခဲ့သည်။
ဆက်လက်၍ လူကုန်တားရဲတပ်ဖွဲ့စု ၆ ရန်ကုန်၊ ကလေးသူငယ် ရဲတပ်ဖွဲ့စု (ရန်ကုန်)
တို့သည် တောင်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ သက်သေများနှင့်အတူ
မဝေ (ခ) ဒေါ်ဝေဝေဦး၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ် အောက်ထပ်
နောက်ဖေးခန်း အတွင်းမှ မိန်းကလေး ၅ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး မေးမြန်းခဲ့ရာ မ - - -
ကဲ့သို့ပင် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတွင် အခကြေးငွေ
ရယူခိုင်းစေပြီး ရရှိသည့် ငွေကြေးအပေါ် ခေါင်းပုံဖြတ်ရယူသူ မဝေ (ခ) ဒေါ်ဝေဝေဦး
အား ဥပဒေအရ အရေးယူပေးပါရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၆
ရန်ကုန်မှ ဒုရဲမှူး ဝင်းနိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဇန်နဝါရီ ၁၂ ရက်က
တောင်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ)၁၉/၂ဝ၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး
ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်
ရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal

No comments: