Thursday, January 14, 2016

အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ပေါက်ကွဲမှုများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်



အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ပေါက်ကွဲမှုများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်
-------------------------------------------
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ လူစည်ကားရာ နေရာများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ရဲနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး ယခုအချိန်အထိ သေဆုံးသူ အနည်းဆုံး ခြောက်ဦးအထိရှိသွားပြီဟု နိုင်ငံတကာ သတင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။

သမ္မတအိမ်တော်အနီးရှိ ဆာရီနာဈေးဝယ်စင်တာကို တိုက်ခိုက်မှုများလည်း ဖြစ်နေရာ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။

သေဆုံးသူများအနက် သုံးဦးမှာ ရဲများဖြစ်ကြပြီး ကျန်သုံးဦးမှာ အရပ်သားများဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲကင်းရုံတစ်ခု ပျက်စီးသွားခဲ့ပြီး မြို့လည်ခေါင်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးနေဆဲဖြစ်သည်။

"ဂျာကာတာ မြို့လည်ရုပ်ရှင်ရုံထဲမှာ သေနတ်သမားတွေ အများကြီးပုန်းနေတယ်လို့ ယုံကြည်ရပြီး၊ လူတွေအများကြီးလည်း အထဲမှာ ရှိနေပါတယ်။ ရဲတွေကတော့ ရုပ်ရှင်ရုံကို ဝိုင်းထားတယ်" ဟု အခင်းဖြစ်ပွါးရာ နေရာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

တိုက်ခိုက်မှုများကြောင့် လူအများရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ရဲက အဆိုပါ ဧရိယာကို ပိတ်ဆို့ထားလိုက်သည်။ ပေါက်ကွဲမှုခြောက်ကြိမ်ဖြစ်ခဲ့ကာ ရဲက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

No comments: