အစိုးရသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ မိုဘိုင်းလ်တင်းမ်များ ဖျက်သိမ်းခြင်းဟုဆို
-------------------------------------------------------------------------
ကျိုင်းတုံ၊ ဒီဇင်ဘာ ၃၁
လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ နယ်စပ်ဝင်ပေါက်များတွင် မှောင်ခိုကုန်သွယ်မှုများကို တိုက်ဖျက်ရန် ထားရှိထားသည့် မိုဘိုင်းလ်တင်းမ် (တရားမဝင် ကုန်သွယ်မှု တားဆီးရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့) များကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ မိုဘိုင်းလ်တင်းမ် အဖွဲ့ထံမှ သိရသည်။
နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တရားမဝင် ကုန်စည်များနှင့် မှောင်ခိုကုန်သွယ်မှုများကို တားဆီးတိုက်ဖျက်ရန်အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည့် အဆိုပါ မိုဘိုင်းလ်တင်းမ်များကို ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ထို့အပြင် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအပေါ် အထိုက်အလျောက် ရောက်ရှိလာခြင်းနှင့် အစိုးရသက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ မိုဘိုင်းလ်တင်းမ်အဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောကြားသည်။
“နောက်အစိုးရ လက်ထက်မှာ ထပ်ဖွဲ့ချင်လည်း ဖွဲ့မှာပေါ့” ဟု ၎င်းက ဆိုသည်။
တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (mobile team) ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေမှ စတင်၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြော်ငြာခဲ့ရာ ကုန်စည်စီးဆင်းမှု ပိုမိုမြန်လာနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များက တညီတညွှတ်တည်း ပြောကြားသည်။
“Mobile team ရှိတာ ကောင်းတာလည်း ရှိသလို မကောင်းတာလည်း ရှိတယ်။ သူတို့က သိလို့စစ်တာမှ မဟုတ်တာ။ ထင်လည်းစစ်တာ ဆိုတော့ အမှန်တကယ်လုပ်တဲ့ သူတွေကျ ကားတွေတန်းစီပြီး စောင့်နေရတာ။ ဖျက်သိမ်းလိုက်ပြီ ဆိုရင်တော့ အချိန်ပိုမြန်လာနိုင်တယ်” ဟု မန္တလေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ mobile team ရှိနေစဉ်ကပင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းခြင်း ရှိနေရာ ဖျက်သိမ်းလိုက်ပါကလည်း တရားမဝင် တင်သွင်းခြင်း ဆက်လက်ရှိနေနိုင်ပြီး လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ဂိတ်နှင့် ၁၆ မိုင်ဂိတ်တို့တွင်လည်း စစ်ဆေးမှုများ၊ အခွန်ပေးဆောင်ရမှုများ ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“Mobile team ဆိုတာ တကယ်တော့ သိပ်မလိုအပ်ပါဘူး။ ၁၀၅ မိုင်ဂိတ်နဲ့ ၁၆ မိုင်ဂိတ်မှာ သေချာကြပ်ကြပ်မတ်မတ် စစ်သင့်တယ်။ ကျွန်တော်တို့ဆို တရားဝင် အခွန်ဆောင် ခွင့်ပြုကုတ်တွေပဲ လုပ်တာ ကားတစ်စီးစစ်ရင် နောက်ကကားတွေက အစ တန်းစီစောင့်နေရတာ။ နောက်ဆို ခရီးကြန့်ကြာမှုကနေ မြန်လာနိုင်တယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် စံပြနွယ် ဆန်ပွဲရုံလုပ်ငန်းရှင် ဦးစိုင်းကျော်က ဆိုသည်။
Mobile team အဖွဲ့၏ စစ်ဆေးမှုများ မရှိတော့ပါက ကုန်ပစ္စည်းများလည်း ဈေးအနည်းငယ် ကျလာနိုင်ပြီး ကုန်စည် သယ်ယူပို့ဆောင်မှုများလည်း လွယ်ကူလာနိုင်ပြီး အရည်အသွေးနိမ့် ကျောက်မျက်ရောင်းဝယ်သူများလည်း အဆင်ပြေလာနိုင်ကြောင်း မန္တလေးမြို့တော်ရှိ လမင်းမေ ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆွေက သုံးသပ်ပြောကြားသည်။
ထိုသို့ မိုဘိုင်းလ်တင်းမ်များကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကောင်းကျိုးဆိုးကျိုး နှစ်မျိုးစလုံး ရှိလာနိုင်ကြောင်း အသက် ၆၀ ကျော်အရွယ် ကျိုင်းတုံဒေသခံ မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောဆိုသည်။
“မိုဘိုင်းလ်တင်းမ်တွေ မရှိခင်ကဆို ဒီဒေသမှာ ကုန်ဈေးနှုန်း မကြီးခဲ့ပေမယ့် ထားပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးသွားတဲ့အပြင် ရှားသွားတယ်။ ကိုယ့်အိမ်မှာစားဖို့ ဝယ်လာတဲ့ တစ်ပိုင်တစ်နိုင်ပစ္စည်းတောင် သိမ်းတယ်” ဟု ၎င်းက ဆိုသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရန်နှင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိရန် နိုင်ငံတော်သမ္မတ အမိန့်ညွှန်ကြားချက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့ စတင်ဖွဲ့စည်းချိန်မှ လက်ရှိ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းလုံးတွင် တရားမဝင် ကုန်ပစ္စည်းများ ကျပ်ဘီလီယံ ၄၀ နီးပါး ဖမ်းဆီးနိုင်ခဲ့ကာ အခွန်ငွေများ ပိုမိုရရှိရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
(The Voice၊ အောင်ဖြိုး)
No comments:
Post a Comment