Thursday, January 14, 2016

ထားဝယ်ခရိုင် အနောက်ဘက် ကမ်းရိုးတန်း အနီးရှိ လောင်းလုံးဘုတ်ကျွန်းသို့ သွားရောက်လည်ပတ်သူ များလာ

လောင်းလုံးဘုတ်ကျွန်းသို့ သွားရောက်လည်ပတ်သူများအား ဇန်န၀ါရီလဆန်းက တွေ့ရစဉ်
ပြီးခဲ့သည့် လပိုင်းအတွင်းက စတင်၍ ဒေသတွင်း ခရီးသွားများအကြား နံမည်ထွက်ပေါ်လာသည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အနောက်ဘက် ကမ်းရိုးတန်း အနီးရှိ လောင်းလုံးဘုတ်ကျွန်းသို့ လည်ပတ်စရာ နေရာအသစ် တစ်ခုအဖြစ် သွားရောက်ရန် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး အပတ်စဉ် သွားရောက်လိုသူ ရာနှင့်ချီ၍ ပို့ဆောင်ပေးနေရကြောင်း သိရသည်။

ဒီဇင်ဘာလ လလယ်ပိုင်းမှ စတင်၍ ဒေသတွင်း ခရီးသွားအချို့ စတင်သွားရောက်ခဲ့ပြီး ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ရာမှ ယင်းကျွန်းသို့ သွားရောက်ရန် စိတ်ဝင်စားသူ များပြားလာခြင်းဖြစ်ပြီး ကျွန်းပေါ်ရှိ ကမ်းခြေများ၌ ကြည်လင်သောရေပြင်နှင့် သဘာဝ သန္တာကျောက်တန်းများ လှပမှုတို့ကို ကြည့်ရှု အပန်းဖြေနိုင်သည့်အတွက် မြန်မာပြန် အရပ်ရပ်မှ ခရီးသွား ဧည့်သည်များပါ စုံစမ်းမေးမြန်းကာ လာရောက်မှုများ ရှိလာကြောင်း ယင်းကျွန်းသို့ ပို့ဆောင်ပေးနေသည့် ထားဝယ်အခြေစိုက် Tavoy Travel & Tour အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ပိုင်းကစလို့ ကျွန်တော်တို့ အဖွဲ့တွေက ဒီကျွန်းပေါ်က အလှအပတွေကို ထားဝယ်ဒေသခံတွေ ကြည့်ရှုခံစားနိုင်အောင် စက်လှေတွေ ငှားရမ်းပြီး ပို့ဆောင်ပေးခဲ့တယ်။ အခုနောက်ပိုင်း မြန်မာပြည် အထက်ပိုင်းက ခရီးသွားတွေနဲ့ ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းတွေဆီကလည်း ဆက်တိုက် ဆက်သွယ်လာတာ ရှိတယ်” ဟု ထားဝယ်အခြေစိုက် Tavoy Travel & Tour အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ လောင်းလုံးဘုတ်ကျွန်းမှာ မျှော်ရစ်အငူမှ ရေမိုင် ၁၈ မိုင်အကွာ၊ ထားဝယ်မြို့မှ ၁၂ မိုင်ခန့်အကွာရှိ စမ်းလှမ်းကမ်းခြေမှ ရေမိုင် ၉ မိုင်ခန့် အကွာတွင် တည်ရှိပြီး စက်လှေဖြင့် တစ်နာရီကျော်အကြာ ခုတ်မောင်းရကြောင်း၊ ကျွန်းပေါ်သို့ သွားရောက်လည်ပတ်ပါက လောင်းလုံးမြို့အနီးရှိ စမ်းလှမ်းကမ်းခြေမှ နံနက် ၈ နာရီခန့်တွင် စတင်ထွက်ခွာပြီး ညနေ ၆ နာရီခန့် အချိန်တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။ 
Writer: 
ဖြိုးဇင် (ထားဝယ်)

No comments: