မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 19, 2016
မန္တလေးတွင် စိတ်ကျန်းမာရေးချို့တဲ့နေသူကို ကလေးသူခိုးဟုဆိုကာ ဝိုင်းရိုက်
မန္တလေးတွင် စိတ်ကျန်းမာရေးချို့တဲ့နေသူကို ကလေးသူခိုးဟုဆိုကာ ဝိုင်းရိုက်
မန္တလေး၊ဇန်နဝါရီ - ၁၈
ကလေးသူခိုးကောလာဟလများမြင့်တက်ရာမှ လူသေဆုံးသည်ထိ ရိုက်နှက်ခံရမှုများဖြစ်ပွားနေစဉ် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည် ကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက စိတ်ကျန်းမာရေးချို့တဲ့ နေသူတစ်ဦးကို ကလေးခိုးသည်ဟုဆိုကာ ကျေးရွာအတွင်းမှလူများက လိုက်လံရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“အဲဒီလူက နည်းနည်းကြောင်တောင်တောင်ဖြစ်နေတဲ့လူပါဗျာ။ ကလေးခိုးတာလည်း မဟုတ်ပါဘူး။ သူကဆိုင်ကယ်တိုက်ခံရတုန်းက ခေါင်းထိတာရယ်၊ရေတုံကင်တူးတဲ့ အလုပ်လုပ်ရင်းခေါင်းထိတာတွေရယ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေပြီးတော့ သွားမိသွားရာသွားနေတာကို အရပ်ထဲကလူတွေက ကလေးသူခိုးဆိုပြီး ဝိုင်းလိုက်ကြတာပါ။သူ့ညီအစ်ကိုမောင်နှမတွေကလည်း ဒီအနီးအနားမှာပဲနေကြပါတယ်”ဟု အမရပူရမြို့နယ် တောတွင်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်က ပုသိမ်ကြီးမြို့နယ် နားဋောင်းကျကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသိန်းသန်းဦး(ခ)ဦးသိန်းသန်းသည် တံတိုင်းရှည်ကျေးရွာသို့ လာရောက်စဉ် ကလေးသူခိုးဟုဆိုကာ ပတ်ဝန်းကျင်မှလူများက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးကြရာ ကိုသိန်းသန်းဦးသည် တောတွင်ကျေးရွာဘက်သို့ထွက်ပြေးခဲ့ရာ ယင်းရွာတွင် ရိုက်နှက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။
“အဲဒီတောတွင်ဆိုတဲ့ရွာက လူတွေကတော်တော်များများမူးနေကြတာ။ ဦးသိန်းသန်းဦးကို ခေါ်ထုတ်ဖို့ကို မနည်းပြောယူရတယ်။ နောက်ဆုံးမြို့နယ်သံဃနာယကအဖွဲ့က သံဃာတော်တွေလာခေါ်မှပဲ ထည့်ပေးကြတာ” ဟု ယင်းဖြစ်စဉ်ကို လိုက်လံဆောင်ရွက်ခဲ့သော မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ယင်းသို့ ပတ်ဝန်းကျင်လူများက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းခံရသော ကိုသိန်းသန်းဦးသည် ခြေသလုံးဖူးရောင်ပေါက်ပြဲ ၊ဦးခေါင်းဖူးရောင် နှင့် ဒူးခေါင်းပွန်းပဲ့၊နောက်ကြောတွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် အမရပူရဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ဖြစ်စဉ်ကိုစစ်ဆေးနေပြီး အရေးယူမှုတစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်း မြစ်ငယ်နယ်မြေရဲစခန်းတာဝန်ရှိသူက အတည်ပြုပြောကြားသည်။
“ဒီလိုကိစ္စတွေကအစမှာ ပြောကြဆိုကြအဆင့်ကနေ့ ပျံ့နှံ့လာတယ်။ နောက်တစ်ဆင့် အနေနဲ့အရပ်ထဲမှာ ဝိုင်းဝန်းရိုက်နှက်ကြတဲ့အဆင့်ကိုရောက်လာတယ်။ နောက်ဦးတည်နိုင်တာက နိုင်ငံရေးဆူပူမှုထိရောက်သွားနိုင်တယ်”ဟု မန္တလေးမြို့ မေတ္တာကမ်ပိန်းအဖွဲ့ဝင် ဦးညီညီကျော်က ဆိုသည်။
ယင်းကဲ့သို့သော ဖြစ်စဉ်များသည် နိုင်ငံရေးပဋိပက္ခများကို ဖန်တီးလိုသူအချို့၏ လုပ်ကွက်များလည်းဖြစ်နိုင်ပြီး အစိုးရသစ်ပြောင်းလဲရေးအတွက် ခက်ခဲစေရန် ရည်ရွယ်ခြင်းလည်းဖြစ်နိုင်သဖြင့် ပြည်သူများ၏
စိုးရိမ်စိတ်ကိုလျှော့ချရန်လိုကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် သီရိမင်္ဂလာအနောက်ရပ်ကွက်တွင် မုန်လာဥလာရောင်းသည့် ဦးသန်းနိုင်ဦးကို ကလေးခိုးသည်ဟုဆိုကာ အနီးဝန်းကျင်မှလူများက ဝိုင်းဝန်းရိုက်နှက်ခြင်းကြောင့် ဦးသန်းနိုင်ဦးသည် ရရှိခဲ့သော ဒဏ်ရာများဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment