Friday, October 9, 2015

အသက်ကို ဉာဏ်စောင့်နိုင်ပါစေ KIA

အသက်ကို ဉာဏ်စောင့်နိုင်ပါစေ KIA

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၁၉၀၀ နာရီတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ၊ပြည်ထောင်စုလမ်း၊ Ve Ve တိုက်ခန်းအမှတ်(၁)ရှိ GI Group Express ယာဉ်လိုင်းဂိတ်သို့ KIO မှ ဆက်ကြေးကောက်ခံသည့်စာ ပေးပို့ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီနေ့က GI Group Express ရဲ့ ဂိတ်မှူး ဦးသန်းမြင့်ထွန်း ဂိတ်အတွင်းရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဂိတ်အတွင်းသို့ စာအိတ်တစ်အိတ် အား ပစ်ပေးခဲ့ပြီး အဖြူရောင် အာရာဖတ်ယာဉ်(နံပါတ်မပါ)ပေါ်သို့တက်ကာ ပြည်ထောင်စုလမ်းမကြီး အတိုင်း စွမ်စော်ရပ်ကွက်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်။

စာအိတ်အားဖွင့်ဖောက်ကြည့်ရှုရာ KIO တောင်ပိုင်းတိုင်းတပ်မဟာ(၄)၊တပ်မဟာမှူးအမည်ခံ လက်မှတ်ရေးထိုးထားသည့် ဆက်ကြေးတောင်းစာဖြစ်နေခဲ့တယ်လို့သိရပါတယ်။ စာပါအကြောင်း အရာမှာ အခွန်ဆောင်ရန်အကြောင်းကြားခြင်း ခေါင်းစဉ်တပ်၍ KIO တပ်မဟာ(၄)ဟာ မိမိတို့ဒေသ အတွင်း စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်စည်းကြပ်ကောက်ခံခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်းနှင့် GI Group (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး)သည်လည်း KIO မှသတ်မှတ်သည့် စည်းကြပ်အခွန်များကို စက်တင်ဘာလ ၂၈ ရက်နေ့မတိုင်မီ မပျက်မကွက်ထမ်းဆောင်ရန်အကြောင်းကြားကြောင်း ပါရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ် ၀၉၃၀၅၇၇၆၈၂ နဲ့ တရုတ်ဖုန်းနံပါတ် ၂၅၉၂၅၄၅၆၆၃၀ ကိုလည်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ KIO တပ်မဟာ(၄)ရဲ့ အကြောင်းကြားစာကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ GI Group Express မှလည်း KIO ၏ ဆက်ကြေးတောင်းစာပေးပို့မှုအား ရဲစခန်းသို့ချက်ခြင်းအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်စစ်ကြောင်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ KIO အဖွဲ့၏ မူဆယ်မြို့ပေါ်သို့ အလားတူ ဝင်ရောက်၍ ဆက်ကြေးကောက်ခံစာများပေးပို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဖျက်အမှောင့်လုပ်ငန်း များမပြုလုပ်နိုင်စေရေး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

KIO/KIA သမိုင်းကြောင်းကို လေ့လာကြည့်လျှင်လည်း စတင်ဖွဲ့စည်းစဉ်ကပင် လူမျိုးကြီးဝါဒကို အကြောင်းပြ၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ အများပြည်သူပိုင်လမ်းတံတားများအားဖောက်ခွဲ ဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ငွေတိုက်များကို ဝင်ရောက်စီးနင်း၍ လက်နက်အင်အားတောင့်တင်းအောင် ဖြည့်ဆည်းကာ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းများဆောင်ရွက်ခဲ့ကာ သမိုင်းဆိုး ရှိခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်းစားရေး တစာစာဟစ်ကြွေးနေတဲ့ KIO/KIA အဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ကချင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ယာဉ်များ၊ လူနှင့် အိမ်မွေးတိရိစ္ဆာန်များ မကျန် ဆက်ကြေး၊ အခွန်အခကောက်ခံလာမှုရဲ့ အကျိုးဆက်ကတော့ KIO/KIA ခေါင်းဆောင်ကြီးများ အဆမတန်ကြွယ်ဝချမ်းသာလာမှုနှင့် အိမ်နီးချင်းနိုင်ငံများတွင် စည်းစိမ်အပြည့်ဖြင့် အခြေချနေထိုင်ခွင့်များ ရရှိခဲ့ကြပြီး ဒေသခံတို့ဘ၀ကတော့ ဆင်းရဲနွမ်းပါးကာ စစ်ရှောင်ဒုက္ခသည်များဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် KIO/KIA အဖွဲ့အတွင်းက လက်အောက်ငယ်သားများ၊ ဒေသခံလူငယ်အများအပြားဟာ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်ခဲ့ရုံသာမက ကချင်ပြည်နယ်ဟာ KIO/KIA ကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးနှင့် အမှောင်တွေဖုံးလွှမ်းရာ ပြည်နယ်တစ်ခုဖြစ်လာခဲ့ပါတယ်။
လက်ရှိအစိုးရနှင့် ခေတ်အဆက်ဆက်အစိုးရများက ကချင်ပြည်နယ်မှတိုင်းရင်းသားညီအစ်များ ငြိမ်းချမ်းမှုအသီးအပွင့်တွေခံစားနိုင်ဖို့ မည်မျှပင်ကြိုးစားဆောင်ရွက်စေကာမူ KIO/KIA ခေါင်းဆောင်ကြီး များကကတော့ ၎င်းတို့အသက်မသေသရွှေ့ဒေသခံတိုင်းရင်းသားများနဲ့ ကချင်ပြည်နယ်အပေါ် သေနတ် ပြောင်းဝကအာဏာဖြင့် လက်ဝါးကြီးအုပ် အမြတ်ထုတ်နေအုံးမှာဖြစ်ပါတယ်။ KIO/KIA ရဲ့ မပြောင်းလဲတဲ့ သဘောတရားကို သိရှိထားပြီးဖြစ်တဲ့ တပ်မတော်စစ်ကြောင်းများဟာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း KIO/KIA ရဲ့ အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်၊ ဗုံးခွဲခဲ့တဲ့ အဖွဲ့တွေရဲ့လုပ်ရပ်တွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် ပြတ်ပြတ်သားသား ကာကွယ်တိုက်ခိုက်ဟန့်တားနိုင်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိမူဆယ်မြို့မှာ ပြောင်ပြောင်တင်းတင်းဆက်ကြေးကောက်ခြင်းနဲ့ အများပြည်သူပိုင်ဘဏ်များ ကို ဗုံးခွဲနေတဲ့ KIA တပ်မဟာ(၄)ဟာ လောက်ကိုင်ဒေသတိုက်ပွဲများမှာလည်း MNDAA (ကိုးကန့်)သောင်း ကျန်းသူများဖက်မှ ကူညီတိုက်ခိုက်ပေးခဲ့သူများလည်းဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်စစ်ကြောင်းများ က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် KIA တပ်မဟာ(၄)ကို စတင်အရေးယူတိုက်ခိုက်နေပြီလို့သိရှိရပါတယ်။ KIO/KIA အဖွဲ့ဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ ကချုင်ပြည်နယ်အတွင်းက ပြည်သူလူထုအပေါ် အဖက်ဖက်က ငဲ့ညှာထောက်ထားနေမှုကို အခွင့်ကောင်း ယူ၍ အွန်လိုင်းမီဒီယာကတစ်ဆင့် ဝါဒဖြန့်မှုနှင့် လူသားတံတိုင်းကာရံလို့ ၎င်းတို့သက်ဆိုးရှည်အောင် နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ အယ်လ်ကိုင်ဒါစစ်သွေးကြွအဖွဲ့ဟာ အချိန်တန်တော့လဲ ပျက်စီးသွားခဲ့ရပြီး ၎င်းတို့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ နောက်ဆုံးဇာတ်သိမ်းဟာလည်း မလှပခဲ့တာ သက်သေရှိပါ တယ်ဆိုတာ KIO/KIA ခေါင်းဆောင်တို့ သတိရသင့်ပြီဖြစ်ပါတယ်။

ဒါကြောင့် KIO/KIA အဖွဲ့အနေဖြင့် ဒေသခံတွေအပေါ် နှစ်ပေါင်း ၆၀ ကျော် နည်းမျိုးစုံဖြင့် အနိုင်ကျင့်၊ လက်ဝါးကြီးအုပ် အမြတ်ထုတ်တာတွေရပ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းကျင်းပ မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လို့လက်မှတ် ရေးထိုးခဲ့ရင်တော့ အသက်ကိုဉာဏ်စောင့်နိုင်ပါသေးကြောင်း အကြံပေးလိုက်ပါရစေ။

စိုင်းဝေလင်းအောင်(တောင်ကြီး)
credit: wai linn aung



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: