Friday, October 9, 2015

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ညိုး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ညိုး

“မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ လာရောက်ပြီး တရားမ၀င် သစ်ခိုးထုတ်မှုတွေရှိနေတာဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်နိုင်တယ်။” သြော် ဖြစ်မှဖြစ်ရလေ ဒေါ်စုကြည်ရယ်။

အတိုက်အခံ ဆိုတဲ့ သဘောတရားက ဘာပဲဖြစ်ဖြစ် အစိုးရကို လက်ညိုးထိုး၊ အပုတ်ချ၊ သိက္ခာချရမယ် ဆိုတဲ့ ခံယူချက် သံမှိုလို စွဲကပ်နေပုံရပါတယ်။ ဒီပြောကြားချက်ဟာ အစိုးရကို ပြည်သူတွေ အထင်အမြင်လွဲရင် ပြီးရော ကျန်တာ မစဉ်းစားဘူး ဆိုတဲ့သဘောကို ပေါ်လွင်နေပါတယ်။ ပြီးတော့ ပြောသေးတယ်။ “တရုတ်မြန်မာနယ်စပ်နဲ့ နီးတဲ့မြို့တွေမှာ အဲဒီလို တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေ ဖြစ်နေတာဟာ တရားဥပဒေစိုးမိုးမှု မရှိတာ ကြောင့် ဖြစ်တယ်။” ဆိုတဲ့ စကား။

တော်သင့်ပါပြီ။ တရားဥပဒေစိုးမိုးမှု မရှိလို့ ဆိုပြီး ၉၆ ပါး အကုန်ပျောက်တဲ့ လက်သုံးစကားဟာလည်း အော့ နှလုံးနာစရာ ဖြစ်နေတယ်။

သစ်ခိုးထုတ်တာတွေရဲ့ ဇစ်မြစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကြေညာချက်ချက်တွေ ထုတ်ပြီး ထောက်ခံမှုတွေ ပေးနေတဲ့ KIA သောင်းကျန်းသူတွေပါ။ ဒီသောင်းကျန်းသူတွေဟာ လက်နက် ဆွဲကိုင်ပြီး သစ် သာမက ကျောက်စိမ်းနဲ့ အခြားသယံဇာတတွေကို အမြတ်ယူရောင်းထုတ်ပြီး တရုတ်နယ်စပ်က ၀ိသမ လောဘသားတွေနဲ့ ပေါင်းပြီး ဥပဒေမဲ့ ရောင်းစားနေတာပါ။

တရားဥပဒေစိုးမိုးမှု မရှိလို့။ ဟုတ်ပါပြီ။ ဘာဖြစ်လို့ နယ်စပ်မှာ တရားဥပဒေ စိုးမိုးမှု မရှိတာလဲ စဉ်းစား ဘူးပါရဲ့ လား။ စဉ်းကောစဉ်းစားမိရဲ့လား။ စဉ်းကော စဉ်းစားတတ်ရဲ့လား မေးချင်တယ်။ အဲဒီနေရာမှာ KIA သောင်းကျန်း သူတွေ ကြီးစိုးနေလို့။ အဲဒီနေရာတွေမှာ KIA သောင်းကျန်းသူတွေ တရုတ် ၀ိသမ လောဘသားတွေနဲ့ ပေါင်းနေပြီး မဟုတ်တာမှန်သမျှ အကုန်လုပ်နေလို့။ အဲဒီနေရာတွေမှာ KIA သောင်းကျန်းသူတွေ ကိုယ်ကျိုး သက်သက်အတွက် နိုင်ငံ့သယံဇာတတွေ တရုတ်တွေ လက်ထဲ အောက်ဈေးနဲ့ ထိုးရောင်းနေလို့။ ဒါလေးတောင် မစဉ်းစားတတ်ဘူးလား။

လက်နက်ကိုင်ပြီး စစ်ဘုရင်ဝါဒ ထူထောင်နေမှတော့ ဘယ်မှာလာပြီး တရားဥပဒေစိုးမိုးနိုင်မလဲ။ ဒါလောက်တော့ သာမန်လူတွေတောင် စဉ်းစားတတ်ပါတယ်။ လက်နက်ကိုင်ပြီး သယံဇာတတွေ ထုတ်ချင်သလို ထုတ်နေမှတော့ ဘယ်ကလာပြီး ကာကွယ်လို့ ရနိုင်မလဲ။

ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်ဆိုပြီး ၀ါးလုံးရှည်နဲ့ ယမ်းတာကတော့ တော်တော်ကို အမြင်တိမ်တာပါပဲ။ ဒီပြောကြားချက်ဟာ ပြဿနာတွေရဲ့ ဇစ်မြစ်ကို မရှာဘဲ လိုရာဆွဲပြီး လက်ညိုးထိုးလိုက်တာပါပဲ။ ဒီပြဿနာတွေရဲ့ ဇစ်မြစ်က ငြိမ်းချမ်းရေး မရလို့၊ KIA တွေ လက်နက်ကိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းနေ လို့ ဆိုတာ ကချင် ပြည်နယ်က လူတွေ အားလုံးသိပါတယ်။

ဒီပြောကြားချက်ဟာ လက်နက်ကိုင် ခြိမ်းခြောက်မှုတွေကြားမှာ အသက်လုပြီး တာဝန်ထမ်းဆောင် နေကြရတဲ့ ကချင်ပြည်နယ်က အုပ်ချုပ်ရေးဝန်ထမ်း အဆင့်ဆင့်ကို စော်ကားလိုက်တာပါပဲ။ သစ်တောက အောက်ခြေ ၀န်ထမ်းတွေ ပြန်ပေးဆွဲ၊ သစ်ပင်မှာကြိုးနဲ့ချည်၊ ရက်ရက်စက်စက် သတ်ပစ် တဲ့ KIA သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကို သိရောသိပါရဲ့လား။ သိအောင်လို့ရော ကြိုးစားဖူးပါ သလား။ အုပ်ချုပ်ရေးမှူး အဆင့်ဆင့်သာမက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေကိုပါ မဆင် မခြင် စော်ကား အပုတ်ချလိုက်တာပါပဲ။ တရားကျဖို့လည်း ကောင်းပါတယ်။

အုပ်ချုပ်ရေးကို မျက်မှန်စိမ်းနဲ့ ကြည့်နေသမျှ ဘယ်တော့မှ ပြဿနာတွေရဲ့ အဖြေမှန်ကို မြင်တွေ့ နိုင်မှာ မဟုတ် ပါဘူး။ အဲဒီအတွက် နိုင်ငံကို ဦးဆောင်ချင်တယ် ဆိုရင် ဓမ္မဓိဌာန်ကျတဲ့ စဉ်းစား တွေး ခေါ်မှုမျိုး တွေးတတ်အောင် မျက်မှန်စိမ်းကို အရင် ချွတ်ဖို့ အကြံပြုချင်ပါတယ်။

တရုတ်နိုင်ငံသားတွေ ဆိုတဲ့ ပြောကြားချက်ဟာလည်း တရုတ်မုန်းတီးရေးကို မြှင့်တင်ပေးတဲ့အပြင် တရုတ် အစိုးရနဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ အဲဒီလို ထိခိုက်စေမှုဟာ KIA နဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေမှုအပေါ် တိုက်ရိုက် သက်ရောက်စေပါတယ်။ သစ်ခိုးထုတ်တဲ့ တရုတ် ၀ိသမလောဘသားတွေနဲ့ တရုတ်နိုင်ငံ၊ တရုတ်အစိုးရ ခွဲခြားပြီး မြင်တတ်ဖို့ လိုပါတယ်။ လေနဲ့ ၀မ်း ခွဲတတ်ဖို့ လိုပါတယ်။

ဒီပြဿနာအားလုံးရဲ့ ဇစ်မြစ် တရားခံက ငြိမ်းချမ်းရေးပါပဲ။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရသွားရင် လက်နက်ကိုင်တိုက်ပွဲတွေ ပပျောက်သွားမယ်။ တည်ငြိမ်အေးချမ်းလာမယ်။ ဥပဒေတွေ စိုးမိုးမှု ရှိ လာမယ်။ အဖြေ က ဒါပါပဲ။ ဒါတွေကို ကချင်ပြည်သူတွေသာမက တစ်နိုင်ငံလုံးက ပြည်သူတွေ သိပါတယ်။ ဒါလောက်လေးတောင် မသိဘဲ ဘာလာလာ အစိုးရကိုပဲ ပုံချပစ်လိုက်မယ် ဆိုတဲ့ စိတ်ထားကတော့ တော်တော်လေးကို အရုပ်ဆိုးပါတယ်။ ရထားတဲ့ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကြီးကိုမှ အားမနာ။

Billion Dollars Business ဆိုတဲ့ KIA သောင်းကျန်းသူတွေ ကျောက်စိမ်းနဲ့ သစ် မှောင်ခိုလုပ်ငန်းတွေ ကနေ တစ်နှစ် တစ်နှစ်ကို ဒေါ်လာဘီလီယံနဲ့ ချီပြီး ၀င်ငွေ ဖြူးနေတာကိုလည်း သိပါရဲ့လား။ ကချင်နဲ့ တရုတ် နယ်စပ် ဒေသဟာ ရွှေတြိဂံကို ကျော်လွန်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရာ ဗဟိုဌာနကြီး ဖြစ်လာနေတာ သိပါ ရဲ့လား။ အခုဆိုရင် ကမ္ဘာပေါ် နောက်ဆုံးပေါ် မူးယစ်ဆေး ICE ဆိုတာကို တရုတ်-ကချင်နယ်စပ်က ထုတ် လုပ်နေ တယ် ဆိုတာကိုရော သိပါရဲ့လား။ ဒီလို ဦးနှောက်မျိုး၊ ဒီလို စဉ်းစား တွေးခေါ်ပုံမျိုး၊ လာသမျှကိစ္စ အစိုးရခေါင်း ပုံချချင်နေတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒီနိုင်ငံကို ဘယ်လို ဦးဆောင်မှာလဲ မေးချင်တယ်။ ဘာလာလာ ဒီလိုပဲ လက်ညိုးထိုး အပုတ်ချ ဝေဖန်တိုက်ခိုက်နေတဲ့ လက်ညိုးတစ်ချောင်းနဲ့ တစ်သက်လုံး လုပ်စားနေတော့မှာလား မေးချင်တယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: