Thursday, October 8, 2015

ပေါက္ခရဝဿ လူ့အခွင့်အရေး ====================

ပေါက္ခရဝဿ လူ့အခွင့်အရေး
====================
"ဘုန်းကြီးနှင့် နိုင်ငံရေးမသက်ဆိုင်ဘူး" အဆိုကို debate လုပ်ရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ ဒါကို ခဏထားပြီး "ဘုန်းကြီးတွေ ဘယ်ပါတီကို ထောက်ခံကြောင်း ပြောခွင့်ရှိ/မရှိ" ကိုပဲ စဉ်းစားကြည့်ရအောင်။ ထောက်ခံကြောင်းဆိုရာမှာ နှစ်မျိုးရှိတယ်။ လူကိုထောက်ခံတာ နှင့် ပါတီကို ထောက်ခံတာ။ "ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ နှင့် NLD ကို မဲပေးဖို့ထောက်ခံတာ" ကို ပထမ ဆန်းစစ်ကြည့်ပါမယ်။
၁။ "ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်တယ်။ NLD ကို မထောက်ခံဘူး" ဆိုသူများလည်း ရှိပါတယ်။
၂။ "NLD ကို အစဉ်တစိုက်အားပေးလာသူမို့ မဲထည့်ချင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ဘူး" ဆိုသူများလည်း ရှိတယ်။
၃။ "NLD ကို ထောက်ခံတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်တာ။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကိုကြိုက်ရင် NLD ကို ထောက်ခံတာပဲ" လုံးချလိုက်သူတွေလည်းရှိတယ်။
"ဦးသိန်းစိန်ကိုထောက်ခံတာ နှင့် ပြည်ခိုင်ဖြိုးကိုထောက်ခံတာ" ဆိုတဲ့အနေအထားမှာက ပိုပြီးရှုပ်ထွေးမှုရှိတယ်။ ဦးသိန်းစိန်သည် ပြည်ခိုင်ဖြိုးဥက္ကဌဆိုသော်လည်း အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်သာ နိုင်ငံရေးပတ်သက်မှုရှိသူဖြစ်ခြင်း၊ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို သွေးထွက်သံယိုမရှိအောင် ဦးဆောင်နိုင်သောထူးချွန်သူဖြစ်ဖြစ်ခြင်းတို့ကြောင့် ဦးသိန်းစိန်ကို ပြည်ခိုင်ဖြိုးနှင့် ကွဲကွဲပြားပြားမြင်ကြတာတွေလည်းရှိပါတယ်။
ဆိုတော့ ဦးသိန်းစိန် နှင့် ပြည်ခိုင်ဖြိုးထောက်ခံမှုမှာ ဒီလိုတွေ ကွဲသွားပါတယ်။
၁။ ဦးသိန်းစိန်ကို ကြိုက်တယ်။ သို့သော် ပြည်ခိုင်ဖြိုးကို မထောက်ခံဘူး
၂။ ပြည်ခိုင်ဖြိုးကို ကြိုက်တယ်။ ဦးသိန်းစိန်ကို မထောက်ခံဘူး။ (ဦးဌေးဦးကို ကြိုက်၊ ဦးရွှေမန်းကိုကြိုက် စသည်)
၃။ ဦးသိန်းစိန်ကို သမ္မတဖြစ်စေချင်တယ်။ သို့သော် NLD ကို မဲထည့်မယ်။
၎။ ဦးသိန်းစိန်ကို သမ္မတဖြစ်စေချင်တယ်။ သို့သော် NLD ရော၊ ပြည်ခိုင်ဖြိုးကိုရော မကြိုက်ဖူး။
၅။ NLD ကို ထောက်ခံပါတယ်။ ဦးသိန်းစိန်ကိုလည်း သိပ်မကြိုက်ဖူး။ သို့သော် နိုင်ငံရေးအခြေအနေအရ ဦးသိန်းစိန်ပဲ သမ္မတဆက်လုပ်သင့်တယ်လို့ မြင်တယ်။
၆။ ဦးသိန်းစိန်ကိုကြိုက်ရင် ပြည်ခိုင်ဖြိုးကို ထောက်ခံခြင်းမည်တယ် ယူဆလိုက်တာ၊ ထို့အတူ ပြည်ခိုင်ဖြိုးကိုထောက်ခံရင် ဦးသိန်းစိန်ကို ထောက်ခံခြင်းမည်တယ် ယူဆလိုက်တာ။
၇။ ဖြစ်လာနိုင်တဲ့ အနေအထားအရ ဦးသိန်းစိန်ကို သမ္မတအဖြစ် accetable အဖြစ် စဉ်းစားတာကို ပြည်ခိုင်ဖြိုးကို ထောက်ခံတယ်လို့ ယူဆလိုက်တာ။
ဘုန်းကြီးအချို့ ဦးသိန်းစိန်ကို ထောက်ခံကြောင်းပြောတယ်။ နံပါတ် ၁၊ ၃၊ ၄၊ ၅ အရ ဖြစ်နိုင်ပေမယ့် NLD ထောက်ခံသူများနှင့် မီဒီယာများက နံပါတ် ၆၊ ၇ အနေအထား စွပ်စွဲနေကြတယ်။
ဒါက မဖြစ်သင့်ပါဘူး။ မှန်ကန်စွာသုံးသပ်ပြီး အရှိကို အရှိအတိုင်းမြင်ကြဖို့ လိုပါတယ်။ စွပ်စွဲသူတွေအနေနဲ့ "ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ဦးသိန်းစိန်ကို ထောက်ခံတာဟာ ပြည်ခိုင်ဖြိုးကို ထောက်ခံတာပဲ" လို့ ယူဆပေမယ့် ပြည်သူတွေဘက်မှာကျတော့ "ဦးသိန်းစိန်ကို ထောက်ခံတယ်။ မဲကတော့ ထည့်ချင်ရာထည့်မှာပဲ။ NLD ကို လက်ခံရင် ဦးသိန်းစိန်ကို မကြိုက်ရဘူးဆိုတာကို လက်မခံဘူး" ဆိုတဲ့အမြင်ကို လက်ကိုင်ပြုထားကြပါတယ်။ သံဃာတော်တွေအနေနဲ့ကလည်း ဒီလိုပါပဲ။ မဲမထည့်ရပေမယ်လို့ ဒီလိုအမြင်မျိုး ရှိကြပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးအချို့ ဦးသိန်းစိန်ကို သဘောကျတယ်ပြောတယ်။ ဘယ်ပါတီကိုမှ မဲမဆွယ်ဘူး။ NLD အတွက်လည်း မဲမဆွယ်ဘူး။ ပြည်ခိုင်ဖြိုးအတွက်လည်း မဲမဆွယ်ဘူး။
ဒီနေရာမှာ အထက်ကပြောခဲ့သလို "ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘုန်းကြီးက ဦးသိန်းစိန်ကိုသဘောကျတယ် ပြောခွင့်မရှိဘူး" လုပ်လာကြတယ်။ အဆုံးစွန် စကားတစ်ခွန်းပြောရရင် "ကြိုက်သလိုကန့်ကွက်ကြပါ။ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါတယ်"။ မဘသ ကိုယ်တော် ဟုတ်ဟုတ်/မဟုတ်ဟုတ် မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါတယ်။ သဘောကျကြောင်းလည်း ပြောခွင့်ရှိသလို သဘောမကျကြောင်းလည်း ပြောခွင့်ရှိပါတယ်။ ဘယ်နှစ်ပါးပဲဖြစ်ဖြစ် သီးသန့်စီ မိမိဆန္ဒကို ထုတ်ဖော်ခွင့်ရှိပါတယ်။ "ငါတို့တော့ ဦးသိန်းစိန်သဘောကျတယ်။ ပြည်ခိုင်ဖြိုးကို မဲထည့်ကျ" လို့ မတိုက်တွန်းဖို့ပဲ လိုပါတယ်။ ဒါက လူ့အခွင့်အရေးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်း နံပါတ် ၁ မှာ ဖော်ပြထားတဲ့ အချက်ပါပဲ။
ဘုန်းကြီး အချင်းချင်း ကြေးတိုက်တာတော့ မဟုတ်ပါဘူး။ NLD ထောက်ခံသူများနှင့် မီဒီယာအချို့ရဲ့ biased ဖြစ်မှုကို တစ်ချက်ထောက်ပြချင်ပါတယ်။ အရှင်ဝီရသူ ဦးသိန်းစိန်ကို သဘောကျကြောင်း သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားချိန်မှာ သံဃာက မဲဆွယ်တယ်၊ မဘသက ပြည်ခိုင်ဖြိုးကို မဲဆွယ်တယ် စသည်ဖြင့် မကောင်းမြင်ဘက်က ဝိုင်းဝန်းထိုးနှက်ရေးသားကြပြီး ဆရာတော်အရှင်ဆန္ဒာဓိက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ NLD ကို မဲထည့်ပါ ပြောခဲ့တုန်းကကျတော့ ဆရာတော်လို ပုဂ္ဂိုလ်မြတ်ကတောင် ဒေါ်စုကိုထောက်ခံတယ်၊ NLD ကို မဲပေးဖို့ထောက်ခံတယ်ဆိုပြီး ဝိုင်းဝန်းချီးပကြပါတယ်။ တကယ်တော့ ဒါက မဖြစ်သင့်ပါဘူး။ ဆရာတော်အရှင်ဆန္ဒာဓိက က မိမိဆန္ဒကို ဖွင့်ဟပြောခွင့်ရှိရင် အရှင်ဝီရသူလည်း ဘုရားသားတော်ချင်းအတူတူရှိရပါမယ်။ အရှင်ဝီရသူကိုမှ ဒီလိုဖွင့်ဟပြောတာ ရဟန်းသိက္ခာနှင့်မညီဘူးထောက်ပြရင် ဆရာတော်အရှင်ဆန္ဒာဓိကကိုလည်း ထောက်ပြရပါမယ်။
NLD ထောက်ခံသူများနှင့် မီဒီယာအချို့ရေးသားနေကြတဲ့ လူ့အခွင့်အရေးဆိုတာက NLD ကို ထောက်ခံမှ လူ့အခွင့်အရေးနှင့်ညီ၊ ရဟန်းစောင့်ထိန်းရတဲ့သိက္ခာပုဒ်များနှင့်ညီသလို ဖြစ်နေပြီ။ ကိုယ်စိုစေချင်တဲ့သူကိုမှ ရွေးစိုစေတဲ့ ပေါက္ခရဝသမိုးနှင့် တင်စားပြီး "ပေါက္ခရဝဿ လူ့အခွင့်အရေးလို့တောင် ခေါ်ရမလို ဖြစ်နေပါပြီ။
MyoMinThant



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: