Wednesday, October 21, 2015

ပြည်သူ့တာဝန်ထမ်းဆောင်နေသူ သံရုံးဝန်ထမ်းတစ်ဦး၏ ခံစားချက်အား မျှဝေခြင်း

ပြည်သူ့တာဝန်ထမ်းဆောင်နေသူ သံရုံးဝန်ထမ်းတစ်ဦး၏ ခံစားချက်အား မျှဝေခြင်း

၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်ပရှိ မြန်မာနိုင်ငံသားများ မြန်မာသံရုံးများတွင် မဲပေး
ကြရာတွင် မကျေနပ်မှုများ၊ ဝေဖန်မှု၊ မယုံကြည်မှုများ ထွက်ပေါ်လျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ ကြားသိတွေ့မြင်နေရပါသည်။

မိမိ သည် သာမန်အရပ်ဘက်ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်၊ သံတမန်အလုပ်ကို စိတ်ဝင်စား ၀ါသနာပါသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေသည်မှာ နှစ်ပေါင်း (၂၃)နှစ်ကျော် ရှိပြီ ဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်သည်ကို မြင်ချင်သလို မိမိတတ်နိုင် သည့်ဘက်မှလည်း ကြိုးပမ်းတာဝန်ထမ်းဆောင်နေပါသည်။

မိမိတင်ပြလိုသည်မှာ မိမိတို့ မြန်မာသံရုံးများရှိ ၀န်ထမ်းများအနေဖြင့် ပြည်သူ့ ၀န်ထမ်းများ / နိုင်ငံခြားရေးဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ၊ မည်သည့်ပါတီဘက်မျှမလိုက်ဘဲ၊ ပါတီစွဲကင်းစွာဖြင့် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ‌ပေးသူ များအတွက် အတတ်နိုင်ဆုံး ၀န်ဆောင်မှုပေး နေကြပါသည်၊ ထို့ပြင် သံရုံးဝန်ထမ်းများသည် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ မဟုတ်သည်ကိုလည်း သတိချပ်စေချင်ပါသည်။

မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် မည်သည့်အထက်အဖွဲ့အစည်းကမျှလည်း မတရားသဖြင့် ညွှန်ကြားထားခြင်းမရှိပါ၊ မည်သည့်ပါတီအတွက် ဆောင်ရွက်ပေးရန်လည်း မစည်းရုံးထားပါ၊ မိမိသည်လည်း မိမိ ကြိုက်နှစ်သက်သည့် ပါတီနှင့် ကိုယ်စားလှယ်ကိုသာ မဲထည့်မည် ဖြစ်ပါသည်၊ ယင်းအတွက် မိမိကိုလည်း မိမိဇနီး၊ မိဘအပါအ၀င် မည်သူမျှ ပြောင်းလဲရန် မပြောသလို၊ ပြောလည်း မိမိထည့်ချင်ရာထည့်ပါမည်၊ ဒါဟာ နိုင်ငံသား တစ်ဦး၏ အခွင့်အရေးဖြစ်ပါသည်။

ယခုဖြစ်စဉ်များတွင် သံရုံးများမှ ဆောင်ရွက်ပေးမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) မိမိတို့ရုံးစိုက်ရာနိုင်ငံများရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန်အတွက် သံရုံး၏ အင်တာနက်စာမျက်နှာ၊ Facebook တို့မှတစ်ဆင့်လည်းကောင်း၊ သံရုံးနှင့် ကောင်စစ်ဆိုင်ရာ အဆက်အသွယ်ရှိသူများ၏ လိပ်စာ၊ အီးမေးလ်များသို့ ဆက်သွယ်လျက် လည်းကောင်း အကြောင်းကြားခဲ့ပြီး ပုံစံ(၁၅)များ တောင်းခံခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မသိရှိခဲ့သူများလည်း ရှိနိုင်ပါသည်၊ ယင်းအတွက် တောင်းပန်ပါသည်။

(ခ) ရရှိသော ပုံစံ(၁၅)များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့ပါသည်၊ ကော်မရှင်များ သက်ဆိုင်ရာ ရုံးခွဲများသို့ ဆက်လက်တာဝန်ပေးစိစစ်စေခဲ့ပြီးနောက်၊ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များ စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။

(ဂ) ရွေးကောက်ပွဲကော်မရှင်မှ ယင်းကဲ့သို့ စိစစ်ကြေညာပြီးနောက်၊ ပြန်လည်ပေးပို့လာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ (ဖေါက်ကြည့်စိစစ်ခွင့်မရှိပါ) သံတမန် ချောအိတ်များဖြင့်လည်းကောင်း၊ ၀န်ထမ်းကိုယ်တိုင် စေလွှတ်လျက်လည်းကောင်း သံရုံးများသို့ ပေးပို့ခဲ့ပါသည်။

(ဃ) သံရုံးများမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ကော်မရှင်မှ ကြေညာသည့် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာတွင် အချို့သော မဲဆန္ဒရှင်များမပါဝင်ခြင်း (သံရုံးဝန်ထမ်း အချို့ အပါအ၀င်)၊ ဆန္ဒမဲများ မပြည့်စုံခြင်း (အချို့လွှတ်တော်များအတွက်မပါခြင်း)၊ အခြားသံရုံးများအတွက် မဲအချို့ ရောပါနေခြင်း တို့ ဖြစ်နေသည်ကို (၁၃-၁၀-၂၀၁၅ ရက်တွင်)စိစစ်‌တွေ့ရသဖြင့် ယင်းကို မိခင်နိုင်ငံခြားရေးဝန်ကြီး ဌာန သို့ တင်ပြခဲ့ရာ၊ ၀န်ကြီးဌာနမှလည်း ကော်မရှင်သို့ အကြောင်းကြားခဲ့ပါသည်။

(င) ကော်မရှင်မှ ရှင်းလင်းညွှန်ကြားချက်မှာ ကြိုတင်မဲပေးခွင့်တင်ပြသူများ၏ ပုံစံ(၁၅)လျှောက်ျလွှာများ တွင် (၁)လိပ်စာများတိကျစွာမပါခြင်း၊ ပုံစံ၆၆။၆ မစိစစ်နိုင်ခြင်း (၂) ကြိုတင်မဲပေးမည့် ပြည်ပနိုင်ငံအား တိကျစွာဖေါ်ပြမထားခြင်း၊ (၃)အချို့မှာ တစ်ဦးတည်းမှ ၂ ကြိမ်မှ ၅ ကြိမ် အထိ ပေးပို့ထားခြင်း (၄) ပုံစံတွင် မြန်မာ(သို့)အင်္ဂလိပ် မဟုတ်သော အခြားဘာသာစကားဖြင့် ဖြည့်စွက်ခြင်း၊ (၅)အချို့ပုံစံ(၁၅)များမှာ လုံးဝဖတ်ရှုမရ ခြင်း တို့ကြောင့် မဲစာရင်းတွင် မပါဝင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(စ) ယင်းအတွက် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များသို့ တိုက်ရိုက်ဆက်သွယ် လျက် မဲပေးနိုင်ရေးဆောင်ရွက်ရန်၊ ယခုမဲစာရင်းတွင် မပါဝင်သူများ အခွင့်အရေးမဆုံးရှုံးစေရန် အတွက် သံရုံး၏ထောက်ခံချက်ဖြင့် ၈-၁၁-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မဲရုံများတွင် မဲပေးနိုင်ကြောင်း အသိပေးခဲ့ပါသည်၊ ယင်းအတွက် မြန်မာနိုင်ငံသို့ သွားရောက် မဲပေးလိုသူများမှ သံရုံးများသို့ဆက်သွယ်ရန်အတွက် သံရုံးများမှ အသိပေးကြေညာချက် ထုတ်ပြန်ရန်ရှိပါသည်။

(ဆ) ယခုကြိုတင်ဆန္ဒမဲများမှာ တံဆိပ်ရိုက်နှိပ်ပြီးစာအိတ်များကို မဲပေးသူများက ကိုယ်တိုင်ပိတ်ပြီး ထည့်ရမည် ဖြစ်ခြင်းကြောင့် မည်သူမျှဖွင့်ကြည့်ခွင်မရပါ၊ ယင်းစာအိတ်များကို သံရုံးများမှ ချိတ်ပိတ်လျက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ပြီး၊ ၀န်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့မည်ဖြစ်ပါသည်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သက်ဆိုင်ရာ မြို့နယ်များသို့ ဆက်လက် ပေးပို့မည်ဖြစ်ပြီး၊ ၈-၁၁-၂၀၁၅ ရက်နေ့ ညနေတွင် သက်ဆိုင်ရာမြို့နယ်များက မဲစတင်မရေတွက်မှီ အသိသက်သေများ ရှေ့မှောက်တွင် ဖေါက်ဖွင့်ရေတွက်မည် ဖြစ်ပါသည်၊ ဆန္ဒမဲများတွင် သံရုံးဝန်ထမ်းများ၏ မဲများလည်း ပါဝင်ရာ၊ မိမိ၏ စာအိတ်အား တစ်ခြားသူမှ တရားမဝင် ဖွင့်ဖောက်မည်ကိုလည်း မလိုလားပါ။

(ဇ) မဲပေးပိုင်ခွင့်အမှန်တကယ်ရှိပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲပေးခွင့်မရရှိသူ များ၏ နစ်နာမှုအပေါ် ကိုယ်ချင်းစာ နားလည်ပါကြောင်း၊ စိတ်မကောင်းပါကြောင်း၊ သံရုံးဝန်ထမ်းများ၏ လိုအပ်ချက်၊ အားနည်းချက်များရှိကောင်း ရှိနိုင်ပြီး၊ယင်းအတွက်မူ အနူးအညွတ်တောင်းပန်ပါကြောင်း ဖေါ်ပြအပ်ပါသည်။

(ဈ) အရေးအကြီးဆုံးရဲရဲကြီးတင်ပြလိုသည်မှာ မိမိတို့ မြန်မာသံရုံး၊အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် မဲလိမ်၊ မဲခိုးမှုများကို လုံးဝ (လုံးဝ) ကျုးလွန်မည် မဟုတ် သလို၊ အားလည်း ပေးမည်မဟုတ်ကြောင်း အာမခံပြောကြားလိုပါသည်။

(ည)မိမိ ယခုရေးသည်မှာလည်းဆန္ဒမဲပေးသူများ သံရုံးဝန်ထမ်းများအား နားလည်မှုမလွဲမှားစေလိုခြင်း၊ မဲပေးမှုလုပ်ငန်းစဉ် သဘောသဘာဝနှင့် အခြေအနေမှန်ကို သိရှိနားလည်စေလိုခြင်းကြောင့် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ မည်သူ့ခိုင်းစေညွှန်ကြားချက်မျှမပါ ပါကြောင်းနှင့် မိမိစကားလုံးများအတွက် မိမိတာဝန်ယူပါကြောင်း တင်ပြအပ်ပါသည်။

သံရုံးဝန်ထမ်းတစ်ဦး (သို့မဟုတ်) မဲဆန္ဒရှင်တစ်ဦး

Min Thein



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: